ဖိနှိပ်မှုတွေရှိနေပေမယ့် နေပြည်တော် CDM အရှိန်မြင့်ဆဲ




ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးမီးပွိုင့်အနီးမှာ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြခဲ့တဲ့ လယ်ဝေးမြို့နယ် သမဝါယမဦးစီးဌာနက ဝန်ထမ်း ရှစ်ဦးကို ဒီနေ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အဲဒီဝန်ထမ်း ရှစ်ဦးကို ပုဒ်မ ၁၄၄ ထုတ်ထားချိန်မှာ ဆန္ဒပြလို့ဆိုပြီး၊ ရာဇသတ် ကြီးပုဒ်မ ၁၈၈ နဲ့ တရားစွဲပြီး ရုံးထုတ်စစ်ဆေးခဲ့တာပါ။

ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဟာ “ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာတဲ့အမိန့်ကို ဖီဆန် ခြင်းဖြစ်ပြီး၊ ထုတ်ပြန်ကြေညာချက်ကို သိလျက်နဲ့ အမိန့်ဖီဆန်ရင် ထောင်ဒဏ်တစ်လ ဖြစ်စေ၊ ဒဏ်ငွေ ကျပ် နှစ်သောင်းထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မ” ဖြစ်ပါတယ်။

အခု တရားစွဲခံရတဲ့ ဝန်ထမ်း ရှစ်ဦးဟာ CDM လှုပ်ရှားမှု ဆောင်ရွက်နေသူတွေဖြစ်ပြီး၊ လယ်ဝေးမြို့နယ် သမ ဝါယမဦးစီးဌာနက ဦးစီးမှူးအမျိုးသမီး အပါအဝင်၊ အကြီးတန်းစာရေးအမျိုးသမီး တစ်ဦး၊ အငယ်တန်းစာရေး အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦးနဲ့ ရုံးချုပ်သမဝါယမဦးစီးဌာနက အကြီးတန်းစာရေး အမျိုးသား တစ်ဦးနဲ့ အငယ်တန်းစာရေး အမျိုးသမီး နှစ်ဦးတို့ ဖြစ်ပါတယ်။

အခုလိုအရေးယူမှုတွေရှိနေပေမယ့် ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာလည်း နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်မှာ ဝန်ထမ်းအင်အား တစ်ထောင်ခန့် အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။

တစ်နိုင်ငံလုံးမှာ CDM လှုပ်ရှားမှု အောင်မြင်နေတဲ့အတွက် ဖိနှိပ်မှုတွေကို မကြောက်ဘဲ ဆက်လက်လုပ်ဆောင် ကြဖို့လည်း CDM လှုပ်ရှားမှုမှာပါတဲ့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးက တိုက်တွန်းသွားပါတယ်။

နေပြည်တော်မြို့လယ် ဗိုလ်ချုပ်ဆောင်ဆန်း ကြေးရုပ်ရှိရာ သပြေကုန်းအဝိုင်းအနီးမှာတော့ လူငယ်တွေနဲ့ ကျောင်းဆရာ/မတွေ စုပေါင်းပြီး ဦးခေါင်းကျည်ဆန်ထိမှန်တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ ပြုလုပ် ခဲ့ကြပါတယ်။

မမြသွဲ့သွဲ့ခိုင် ဟာ ဖေဖေါ်ဝါရီလ ၉ ရက် နေပြည်တော် သပြေကုန်းအဝိုင်း ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းချိန်မှာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ကျည်ဆန်ထိမှန်မှုကြောင့် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးနှောက်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးသွားပြီမို့ အသက်ရှူပိုက်ဖြုတ်ဖို့ ဆရာဝန်တွေရော မိသားစုကပါ လက်ခံထားပြီးဖြစ်ပေမယ့်၊ ပိုက်မဖြုတ်ဘဲ အချိန်ရ သလောက်ဆွဲထားဖို့ အထက်က နှုတ်နဲ့အမိန့် ပေးထားတယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ နေပြည် တော် ကုတင် ၁၀၀၀ ဆေးရုံ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဘာကြောင့် အဲဒီလို နှုတ်မိန့်ပေးထားသလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ တရားစွဲခံထားရတဲ့ သမဝါယမဝန်ထမ်း ရှစ်ဦးရဲ့ အမှုကိုတော့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ ရုံးဆင်းချိန်ထိ ဆက်လက်စစ်ဆေးခဲ့ပါတယ်။




RFA Burmese
ဖိနှိပ်မှုတွေရှိနေပေမယ့် နေပြည်တော် CDM အရှိန်မြင့်ဆဲ ဖိနှိပ်မှုတွေရှိနေပေမယ့် နေပြည်တော် CDM အရှိန်မြင့်ဆဲ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.