CDM လုပ်တဲ့ နိုင်ငံခြားရေးဝန်ထမ်းတွေ ဖမ်းဆီးတရားစွဲခံထားရ CDM ဝန်ထမ်းတွေကို ထောက်ခံအားပေးနေတဲ့ ရန်ကုန်က သံဃာတပါး / Photo: RFA |
အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေအပါအဝင် ၁၁ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၉ ဦး၊ လွှတ်တော်ရုံး ဝန်ထမ်းတစ်ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ဝန်ထမ်း တဦးတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်အစောပိုင်းက နေအိမ်တွေမှာ လာဖမ်းသွားတာဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတာပါ။
ဖမ်းဆီးခံရပြီးနောက် ၄ ရက်အကြာ ဖေဖော်ဝါရီလ ၂၂ ရက် ဒီကနေ့မှာတော့ သူတို့ ၁၁ ဦးလုံးကို နေပြည်တော် ဒက္ခိဏရဲစခန်းအတွင်း ဖမ်းဆီးချုပ်နှောင်ထားတာကို စုံစမ်းသိခဲ့ရတယ်လို့ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးက "ကျနော်တို့နဲ့ အခုထိမတွေ့ရသေးဘူး၊ ရဲစခန်းကလည်း ပေးမတွေ့ဘူး။ ကျနော်ပြောချင်တာက CDM လုပ်တာနဲ့ပဲ နိုင်ငံတော်ပုန်ကန်မှုမြောက်သွားလား၊ ကျနော်တို့က တခြားကိုထိခိုက်နစ်နာအောင်ဘာမှ လုပ်ထားတာမရှိဘူး၊ မိသားစုအဝင်တွေနဲ့ အခုဆို မအိပ်နိုင်မစားနိုင်နဲ့ သောကရောက်နေရတယ်" လို့ RFA ကိုပြောပါတယ်။
ဒီဝန်ထမ်း ၁၁ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒက္ခိဏရဲစခန်းရဲ့ ပြောဆိုချက်ကိုတော့ RFA ကမသိရသေးပါဘူး။
CDM လူထုလှုပ်ရှားမှုမှာ ဖမ်းဆီးခံထားရသူတွေကတော့ ဦးသက်ထူးအောင်၊ ဦးအောင်ဇင်ထက်၊ ဒေါ်သဲစုထွန်း၊ ဒေါ်သဲသဲလှ၊ ဒေါ်ဖြိုးဖြိုးဝေ၊ ဒေါ်သူသူအောင်၊ ဒေါ်စုပြည့်ပြည့်ဖြိုး၊ ဒေါ်စုလဲ့ရည်၊ ဒေါ်ခင်မာအောင်၊ ဒေါ်သဉ္ဇာဝင့်နဲ့ ဦးစိုင်းမင်းထွေး တို့ဖြစ်ပါတယ်။
သူတို့ ၁၁ ဦးကို လာမယ့် မတ်လ ၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဟာ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပါတယ်။
အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို အင်တာနက်တွေဖြတ်တောက်ပြီး ညဘက်အချိန်မတော်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးနေပါတယ်။
ဒီလိုလိုက်ဖမ်းနေတဲ့ကြားကပဲ အစိုးရ ဝန်ထမ်းတွေကလည်း ဒီ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတာတွေ နေ့စဉ်တိုးလာနေတာကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ယန္တရားတချို့ လည်ပတ်ဖို့ ခက်ခဲလာနေပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/mofa-cdm-military-coup-movement-02222021050109.html
No comments:
Post a Comment