စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ တာကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ တာကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ မန္တလေးမှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကိုမင်းမင်းရဲ့ နာရေးမှာ မိသားစုဝင်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဉ် / Photo: RFA


စစ်အာဏာသိမ်းမှုကို စတင်ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ရာမှာ သေနတ်ကျည်ဆန်ထိမှန်လို့ သုံးယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေနဲ့ အဖမ်းခံထားရသူတွေ အများအပြားရှိပါတယ်။ RFA ရဲ့ ကနဦးအတည်ပြုချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ သေဆုံးတဲ့သူ ရှစ်ဦးရှိသွားပါပြီ။

မန္တလေးမြို့ဟာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် လေးရက်မြောက်နေ့မှာ စစ်အာဏာ ရှင်ကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

အခုဆိုရင်တပ်မတော်က အာဏာသိမ်းထားတဲ့ ၂၅ ရက်အတွင်း မန္တလေးမှာ လူ ၃ ယောက် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ရပါပြီ။ ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံထားရသူတွေကတော့ အများအပြားပါပဲ။

ဆန္ဒပြသူတွေကို ဖြိုခွင်းတာကတော့ ဖေဖော်ဝါရီ ၉ ရက်နေ့က ၇၃ လမ်းနဲ့ ၃၈ လမ်းမှာ လူအင်အားသုံးပြီး ပထမဆုံးအကြိမ် စတင်ဖြိုခွင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ၂၆ လမ်း ၈၂ လမ်းက ဗဟိုဘဏ်ရှေ့မှာ သေနတ်တွေနဲ့ပစ်ပြီး ထပ်မံဖြိုခွင်းခဲ့ပါတယ်။ အဲဒီဖြိုခွင်းမှုမှာလည်း ဆန္ဒပြသူ သုံးယောက် ရာဘာကျည် ထိမှန်ခဲ့ပြီး ၂၀ ကျော် ဖမ်းဆီးခံရတယ်။ သတင်းထောက်တွေကိုလည်း သတင်းယူနေမှန်းသိရက်နဲ့ ဖမ်းဆီး ရိုက်နှက်ခဲ့ပါတယ်။

ဒီရက်တွေအတွင်း အဆိုးဆုံးဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ရေး CDM လုပ်ပြီး သပိတ်မှောက်နေတဲ့ ရေကြောင်းပို့ဆောင်ရေးက ဝန်ထမ်းတွေကို သင်္ဘောပြန်လည်ပြေးဆွဲဖို့ စစ်သားတွေနဲ့ ရဲတွေက ဖိအားပေးလုပ်ရာကနေ ဆန္ဒပြပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ ဆုံပြီး သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းတာကို ခံခဲ့ရခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ သေနတ်ကျည်ဆန် ဝမ်းဗိုက်ကိုကျည်ထိမှန်လို့ သေဆုံးခဲ့ရတဲ့ အသက် ၃၇ နှစ်အရွယ် ကိုမင်းမင်း ဟာ သာမန်လက် လုပ်လက်စားတစ်ယောက်ဖြစ်ပြီး မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့သူပါ။

ဝန်ထမ်းတွေအနေနဲ့ CDM မှာ ဆက်လက်ပါဝင်ပေးဖို့နဲ့ သူကိုယ်တိုင်လည်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကိုမင်းမင်းရဲ့ အမျိုးသမီးဖြစ်သူက ပြောပါတယ်။

အသက် ၁၆ နှစ်အရွယ် ကိုဝေယံထွန်း ကတော့ သေနတ်ကျည်ဆံဦးခေါင်းကို ထိမှန်သေဆုံးခဲ့ရသူပါ။ အမရပူရမြို့နယ်၊ မြစ်ငယ်ဒေသကဖြစ်ပြီး မန္တလေးမြို့၊ ၄၁ လမ်း ညဈေးမှာ အလုပ်လုပ်သူဖြစ်ပါတယ်။

ကိုဝေယံထွန်း ဟာ မိဘကို လုပ်ကျွေးနေသူဖြစ်တယ်လို့ ဦးလေးဖြစ်သူ က ပြောပါတယ်။ အမည်မဖော်လိုတဲ့ မြစ်ငယ်မြို့က ဒေသခံတယောက်ကလည်း ကိုဝေယံထွန်း အတွက် ဂုဏ်ယူမိကြောင်းပြောပါတယ်။

သေဆုံးသူနောက်တစ်ယောက် ကိုရာဇာအောင်ဖြစ်ပါတယ်။ အဲဒီအခင်းဖြစ်တဲ့နေ့မှာ သေနတ်ကျည်ဆံ ခြေထောက်မှာ ထိမှန်ခဲ့သူဖြစ်ပြီး အဖမ်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ သူဟာစစ်ဆေးရုံမှာ ကုသခံယူနေရာကနေ ၄ ရက်အကြာမှာ သေဆုံးသွားသူဖြစ်ပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှုတွေ့ရှိရတယ်ဆိုကာ သေဆုံးသူအလောင်းကို မိသားစုဝင်တွေပြန်မရရှိဘဲ တပ်မတော်က တာဝန်ယူသဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုရာဇာအောင်ရဲ့ မိခင်ဖြစ်သူကတော့ မိဘတွေကို လုပ်ကျွေးနေသူဖြစ်ပြီး သူ့သားသေဆုံးတာကို မယုံနိုင်ဘူး လို့ ပြောပါတယ်။

ကိုရာဇာအောင်ကို စစ်ဆေးရုံမှာ မိသားစုဝင်တွေက သွားရောက်တွေ့ဆုံတဲ့အခါမှာ ကိုရာဇာအောင် အပါအဝင် သုံးယောက်ကို ဒဏ်ရာတွေရလို့ ဆေးကုသခံယူနေတာ တွေ့ရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ အခုလို အကြမ်းဖက်ဖြိုခွင်းတာတွေရှိနေပေမဲ့ မန္တလေးမြို့နဲ့ တစ်ပြည်လုံးလိုလိုက မြို့ကြီးတွေ မှာ ဆန္ဒပြတာတွေကတော့ နေ့စဉ်ရှိနေဆဲပါ။

စစ်သားတွေ ရဲတွေက ဒီနေ့အကြမ်းဖက်ဖြိုခွင်းရင် မနက်ဖြန်မှာ ဆန္ဒပြလူထုက ပိုများလာတာတွေ့ရလို့ လေးစားဖို့ကောင်းတယ်လို့ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူ ဒေသခံ ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

သူတို့ သေဆုံးခဲ့ကြလို့လည်း အများပြည်သူတွေက တတ်နိုင်တဲ့ဘက်က ငွေကြေးကူညီဆောင်ရွက်ပေးတာတွေ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်လိုက်ရာ ခေါင်းကိုထိမှန်သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် လည်း သေဆုံးခဲ့ရပါတယ်။

သူ့နာရေးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ကကျင်းပခဲ့ရာမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့သူတွေက လူပင်လယ်ကြီးတမျှ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-military-killed-four-civilians-02252021065953.html

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ တာကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ  စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြ တာကြောင့် သေဆုံးသူ ရှစ်ဦးရှိလာ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.