ဆန္ဒပြဝန်ထမ်းတွေ အလုပ်ထုတ်ခံရရင် အလုပ်ပြန်ခန့်မယ်လို့ ဝန်ကြီးချုပ်တွေ ကတိပေး


နေအိမ်အကျယ်ချုပ်ကျနေတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့ကလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ယမန်နေ့က ပြောကြားခဲ့တဲ့နည်းတူ လက်ရှိ ဆန္ဒပြနေတဲ့ ဝန်ထမ်းတွေကို စစ်အစိုးရက အလုပ်က ထုတ်ပယ်ခဲ့မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သူတို့ အစိုးရ ပြန်လည်အာဏာပြန်လည် ရရှိတဲ့အခါ အလုပ်ပြန်လည် ခန့်အပ်ဖို့ ကတိပြုပါတယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက...

“ကျနော် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံပါ။ ကျနော်တို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဆောင်ရွက်တဲ့အချက်အလက်တွေ အားလုံးကို ကျနော် လက်ခံပါတယ်။ CDM လုပ်တဲ့သူအကုန်လုံး တစုံတရာ အရေးယူခံရမယ်ဆိုရင် ကျနော်တို့အနေနဲ့ အစိုးရအဖွဲ့အဖြစ် ပြန်ပြီးဖြစ်မြောက်ခဲ့ရင် အကူအညီပေးပါ့မယ်ဆိုတဲ့အကြောင်း ဒေါ်နန်းခင်ထွေးမြင့် နဲ့ အတူ သဘောထားအတူတူ ရှိပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။”

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကလည်း ...

“ဒေါ်နန်းခင်ထွေးမြင့် ဒီဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုတာကို ကျနော့်အနေနဲ့ အပြည့်အဝ ထောက်ခံတယ်။ ဒီဝန်ထမ်းတွေကို ပြန်လည်ပြီးတော့ တာဝန်ပေးရုံသာမကဘဲ ကျနော့် တယောက်ထဲရဲ့ ဆန္ဒနဲ့ပြောမယ်ဆိုရင် ဒီဝန်ထမ်းတွေဟာ ဒီကာလမှာ တကယ့်ကို စွန့်လွှတ်စွန့်စားပြီးတော့ တာဝန်သိတဲ့စိတ်ဓါတ်နဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် သူတို့ကို တာဝန်ပြန်လည်ပေးအပ်မယ်ဆိုရင် ထိုက်ထိုက်တန်တန်ကို ပေးအပ်ဖို့လိုတယ်၊ ထိုက်ထိုက်တန်တန်ဆိုရာမှာ မူလရာထူးထက် အနည်းဆုံး တဆင့်မြင့်တဲ့ရာထူး ပေးသင့်တယ်လို့ ကျနော်ဆန္ဒပြုချင်တယ်။ ဆက်လက်ပြီးတော့လည်း အကောင်အထည်ပေါ်နိုင်အောင် ဝိုင်းဝန်းပြီး ကြိုးစားဆောင်ရွက်ကြစေချင်တယ်။ ဒါမှသာလျှင် ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝရရှိပြီးတော့ ဝန်ထမ်းတွေလဲ ဒီမိုကရေစီအခွင့်အရေး ရရှိခံစားမယ်လို့ ကျနော် ဒီလိုပဲ နားလည်တယ်။ ဒါကြောင့် ဒေါ်နန်းခင်ထွေးမြင့်ပြောတာကို အပြည့်အဝ ကျနော်ထောက်ခံတယ်။”

နိုင်ငံတဝန်း အစိုးရဝန်ထမ်းတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို ထောက်ခံကြောင်းနဲ့ အာဏာသိမ်း စစ်အစိုးရကို လက်မခံနိုင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွေ ကျင်းပနေချိန်မှာ ဝန်ကြီးချုပ်တွေက အခုလို ကတိစကားတွေ ထုတ်ဖော်ပြောကြားခဲ့ကြတာဖြစ်ပါတယ်။ 


RFA Burmese

https://www.rfa.org/burmese/news/government-workers-participated-in-civil-disobedience-campaign-02062021010629.html

ဆန္ဒပြဝန်ထမ်းတွေ အလုပ်ထုတ်ခံရရင် အလုပ်ပြန်ခန့်မယ်လို့ ဝန်ကြီးချုပ်တွေ ကတိပေး  ဆန္ဒပြဝန်ထမ်းတွေ အလုပ်ထုတ်ခံရရင် အလုပ်ပြန်ခန့်မယ်လို့ ဝန်ကြီးချုပ်တွေ ကတိပေး Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.