စစ်အာဏာရှင်ဆန့်ကျင်ရေး ဂျပန်၊ အမေရိကန်နဲ့ ထိုင်းမှာ ဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ဂျပန်၊ အမေရိကန်နဲ့ ထိုင်းနိုင်ငံတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံး ရှေ့မှာ အာဏာသိမ်း မြန်မာစစ်တပ်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က ဆက်လက်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေထဲမှာတော့ လူအင်အား အများကြီးပါဝင်တဲ့ ဆန္ဒပြပွဲ ဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောသလို ဂျပန်နိုင်ငံက သတင်းမီဒီယာတွေရဲ့ ထိပ်တန်း သတင်းတခုလည်း ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက အာဏာသိမ်းစစ်တပ်ကို လက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ကာစူနိုဘူ ကာတို Katsunobu Kato က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ထောက်ခံကြောင်း၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဿနာကို တွေ့ဆုံဆွေးနွေးတာနဲ့ အဖြေရှာလို့ ရကြောင်းကို တနင်္လာနေ့က ပြောခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေက… မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူအားလုံးကပါ ပံ့ပိုးကူညီဖို့ လိုအပ်ကြောင်းနဲ့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် လက်ပိုက်ကြည့်မနေဘဲ မြန်မာစစ်တပ်ကို ဖိအားပေးကြဖို့ ပြောခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံတကာကနေ မြန်မာနိုင်ငံကိုပံ့ပိုးကူညီထားတဲ့ ငွေတွေဟာ စစ်တပ်လက်ထဲကို ရောက်သွားတော့မှာ ဖြစ်တဲ့အတွက် အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ဆန္ဒပြပွဲ ခေါင်းဆောင်တွေကပြောခဲ့ပါတယ်။

အလားတူပဲ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာလည်း မြန်မာနိုင်ငံသားတွေက စစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲ တခုပြုလုပ်ခဲ့ပါတယ်။ ဥပဒေမဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းကြည်နဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးဖို့… ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ထောက်ခံကြောင်း၊ အာဏာသိမ်း စစ်အစိုးရကို အလိုမရှိကြောင်း စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေကလည်း ဝါရှင်ဒီစီမြို့က မြန်မာသံရုံးရှေ့မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က UNHCR ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးရှေ့မှာလည်း ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ကျောင်းသားတွေ အလုပ်သမားတွေက မြန်မာအာဏာသိမ်း စစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတရပ် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကျနော်တို့ကော ကမ္ဘာကပါ လက်မခံနိုင်တာကို ပြသဖို့ ဆန္ဒပြနေတာဖြစ်ကြောင်း၊ စစ်တပ်က ဒီမိုကရေစီစနစ်ကို ဖျက်ဆီးလိုက်တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံက အဖြစ်အပျက်တွေ ကမ္ဘာကို သိစေချင်သလို ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ လက်မခံဘဲ မြန်မာလူထုကို အကူအညီပေးကြဖို့ လိုအပ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ ကိုခင်မောင်စိုးက ထိုင်းဘာသာ စကားနဲ့ ပြောသွားခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ကိုစိုင်းလုမိုင်းကလည်း …. မြန်မာနိုင်ငံမှာ ဖြစ်ပျက်တာတွေက အရမ်းကို စိုးရိမ်စရာ ရှိကြောင်း၊ ဒီလို အာဏာသိမ်းလိမ့်မယ်လို့ မျှော်လင့်မထားကြောင်း၊ အခုလို ခေတ်မီ တိုးတက်နေတဲ့ ကာလမှာ စစ်တပ်ရဲ့ လုပ်ရပ်ကို ဘယ်နိုင်ငံကမှ ဘယ်သူကမှ လက်ခံမှာ မဟုတ်ကြောင်း၊ အရင်တုန်းကလည်း တိုင်းပြည်ရဲ့ သယံဇာတနဲ့ ငွေကြေးတွေကို သူတို့ အိတ်ကပ်ထဲ ထည့်ခဲ့ပြီးပြီဖြစ်ကြောင်း၊ အခုတော့ ဒီလိုလုပ်ရပ်မျိုးကို လက်ခံမှာ မဟုတ်ပါဘူးလို့  ပြောသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ တတိယနေ့မှာတော့… ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ တောင်ကြီး မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတနဲ့ တခြားမြို့ကြီးတွေ ကျေးရွာတွေမှာပါ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သံပုံးတီး ဆန္ဒပြပွဲတွေကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာနေထိုင်တဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကလည်း သူတို့ကိုယ်တိုင် သံပုံးတီးတာ ကမ္ဘာမကြေဘူး သီချင်းသီဆိုတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာတွေမှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို မြန်မာ့ရိုးရာဓလေ့ သံပုံးခေါက်ပြီး မကောင်းဆိုးဝါး တောထုတ်တဲ့ ဆန္ဒဖော်ထုတ်ပွဲတွေကို ဆက်တိုက် ပြုလုပ်သွားကြဖို့နဲ့ စစ်အစိုးရရဲ့ အမိန့်အာဏာပေး ခိုင်းစေတာတွေကို ကန့်ကွက်သွားကြဖို့ လှုပ်ရှားတဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက် လုပ်ဆောင်သွားမယ့်အကြောင်း နှိုးဆော်ချက်တွေကိုလည်း အွန်လိုင်းလူမှုရေး စာမျက်နှာတွေမှာ တွေ့ရှိနေရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/protests-against-military-coup-in-us-japan-thailand-and-myanmar-02032021191805.html

စစ်အာဏာရှင်ဆန့်ကျင်ရေး ဂျပန်၊ အမေရိကန်နဲ့ ထိုင်းမှာ ဆန္ဒပြ  စစ်အာဏာရှင်ဆန့်ကျင်ရေး ဂျပန်၊ အမေရိကန်နဲ့ ထိုင်းမှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 09:15 Rating: 5

No comments:

Powered by Blogger.