စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်တားဆီးရေး အခက်ကြုံရဖွယ် ရှိနေခြင်း



မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး၊ ကိုဗစ်ကာလရှေ.တန်းကကျန်းမာရေးဝန်ထမ်းတွေပဲဦးဆောင်တဲ့ ဒီစစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှားမူ (CDM) အားကောင်းလာချိန်မှာ၊ ကိုဗစ်ကာကွယ်ကုသရေး အားနည်းသွားမှာလည်း စိုးရိမ်မူတွေရှိနေပါတယ်။

ဒီလှုပ်ရှားမူမှာ တက်တက်ကြွကြွပါဝင်နေတဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအသင်း ဒု ဥက္ကဌ ဒေါက်တာမြင့်ဦးက၊ အရေးပေါ်ဆိုးလာနိုင်တာတွေအတွက်တော့ ပြင်ထားပါတယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

COVID အခြေအနေ ဆိုးလားနိုင်ပုံကို ဒေါက်တာမြင့်ဦးက

“ဒေါက်တာမြင့်ဦး။ ။ COVID ကတော့ ကျနော်တို့ နိုင်ငံအနေနဲ့ အရင် အာဏာမသိမ်းခင်တုန်းက တော်တော်အားရတဲ့ အနေအထားမှာပေါ့နော်။ အာဏာသိမ်းပြီးတဲ့ နောက်ဆက်တွဲတွေကတော့ အောင်မြင်မှုရထားတာတွေဟာ ပြန်လည်ပြီးတော့ ပျက်စီးသွားနိုင်စရာအကြောင်းတော့ရှိတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ အဲဒီတော့ ဆရာရေ COVID ကာကွယ်ရေး လုပ်ငန်းတွေကို ဘယ်လိုစထိခိုက်မှာ စိုးရိမ်ရသလဲဆရာရေ။

ဒေါက်တာမြင့်ဦး။ ။ကျနော်တို့ covishield ကာကွယ်ဆေးတွေက ပထမအကြိမ်က လှူဒါန်းတဲ့ ဆေးဝါးတွေ ရောက်လာတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးခဲ့ရတယ်။ အခုကျနော်သတင်းကြားတာက အိန္ဒိယက covishield ဆေးတွေက ဒီနေ့ရောက်မယ်လို့ ကျနော်သတင်းကြားတယ်။ ကျနော်တို့ အဲဒီ ဝန်ထမ်းတွေအများကြီးပေါ့နော် COVID ရဲ့ ကွန်မန်ဒါကြီးပေါ့နော် ရန်ကုန်တိုင်းအပါအဝင် သူတို့က Civil Disobedience Movement (CDM) ထဲမှာ အပြင်းအထန်ပါဝင်နေကြတယ်။ လူထုကလည်း သူတို့ကို ထောက်ခံလေးစားနေကြတယ်။ သူတို့ကလည်း စစ်အာဏာရှင်နဲ့ မပတ်သက်အောင် နေနေကြတာပေါ့နော်။ အဲဒီတော့ အရင်အရာရှိတွေကပဲ သွားပြီးတော့ လက်ခံယူရင်တော့ ကောင်းလမ့်မယ်လို့ ကျနော်ယူဆတယ်။ ကျနော်စိတ်ပူတာက ဒီဆေးတွေကို စစ်တပ်က သိမ်းပြီးတော့ သူတို့ အလွဲသုံးပစ်လိုက်မှာကို ကျနော်စိတ်ပူတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ကာကွယ်ဆေးတွေ တကယ်တမ်းလက်တွေ့မှာ ထိုးပေးဖို့ အခက်အခဲ စိန်ခေါ်မှုတွေ ဘာတွေရှိနိုင်သလဲဆရာ။

ဒေါက်တာမြင့်ဦး။ ။လက်ရှိ ထိုးပေးမယ့်ဝန်ထမ်း လေ့ကျင့်ပေးပြီးသားဝန်ထမ်း အကုန်လုံးနီးပါး က CDM လုပ်နေတဲ့အခါကျတော့ ဒီလူတွေကို သုံးဖို့တော့ သိပ်မလွယ်ဘူး။ သုံးမယ်ဆိုရင် အခုစစ်တပ်က ထိုးပေးမယ်ဆိုရင်လည်း ယုံကြည်မှာ မဟုတ်ဘူး။ တော်တော်များများက သူလုပ်သမျှကို လူထုက တော်လှန်နေပြီလေ ဘယ်အမိန့်ပဲထုတ်ထုတ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ နောက်ကာကွယ်ဆေးထိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ စာရင်းပြုစုထားတဲ့ သူတွေရော

ဒေါက်တာမြင့်ဦး။ ။အခုဆိုရင် ကျနော်တို့က ဌာနဆိုင်ရာတွေကို အတင်းအကျပ် အလုပ်ပြန်ဝင်ခိုင်းတယ်။ ဒီလူတွေကလည်း မလာဘူးဆိုတဲ့အတွက်ကြောင့် ဒီစာရင်းတွေ သူတို့ပဲ သိတယ်၊ သူတို့ပဲရှိတယ်။ အဲဒီတော့ အတင်းအကျပ် ဝင်စီးပြီးတော့ပေါ့နော် NLD ရုံးကို ဝင်စီးသလိုမျိုးနဲ့ သူတို့ လိုက်ရှာဖွေရင်တော့ မပြောတတ်ဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာရေ ဒီတခေါက်ကတော့ အသက် ၆၅ နှစ်နဲ့ အထက်ပေါ့နော် အဖြစ်များတဲ့ ဒေသ ရန်ကုန်မှာဆိုရင် မြို့နယ် ၅ မြို့နယ် ၊ ဒဂုံ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်တို့ ၊ မင်္ဂလာဒုံတို့ မှော်ဘီတို့မှာ အရင်ပြင်ထားတာရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာကတော့ ဆရာခုနကပြောသလို အခက်အခဲတွေကတော့ ရှိနေမယ့်သဘောလို့ ပြောလို့ရတာပေါ့နော် ဆရာ။

ဒေါက်တာမြင့်ဦး။ ။ ဟုတ်ကဲ့ မဖြစ်နိုင်ပါဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ

ဒေါက်တာမြင့်ဦး။ ။ မဖြစ်နိုင်ပါဘူး နောက်တခုက လူတွေက အခု တော်တေ်ာများများက COVID ကို မေ့ပြီးတော့တော်လှန်ရေးပဲ လုပ်နေကြတဲ့ အနေအထားရှိတော့ COVID က အစိုးမရဘူးလေ၊ အဲဒီတော့ ဒီခေါင်းဆောင်အောက်မှာ အခုလက်ရှိ အာဏာရှင်အောက်မှာ ပိုပြီးတော့ ကျနော်တို့ ခုနက ပထမက တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့အနေအထားမှာ ပြန်လည်ပြီးတော့ ပေါက်ကွဲပြီးတော့ ကူးစက်လာမှာတွေလည်း စိုးရိမ်စရာရှိတယ်။ ဆရာဝန်ကြီးတွေလည်း စိုးရိမ်နေတယ်လို့ ကျနော် မှန်းဆမိတယ်။ COVID ထိန်းချုပ်မှုကို တစိုက်မတ်မတ်လုပ်လာတဲ့ ဆရာဝန်ကြီးတွေက ဒါကိုတော့ အဖြစ်ခံမှာမဟုတ်ဘူး။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ။ လက်ရှိမှာ ကုသမှုအနေအထားအတွက် အရင်ပေါ့နော် စစ်ဆေးမှုအနေအထားရော ဘယ်လိုဖြစ်နေသလဲဆရာ ပိုးရှိမရှိ။

ဒေါက်တာမြင့်ဦး။ ။ စစ်ဆေးတာတွေလည်း အများကြီးလျော့သွားပြီ၊ မစစ်နိုင်တော့ဘူး ကျနော်သိသလောက်က စစ်ဆေးတဲ့ အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာနကလည်း ကျနော်တို့ ဒီ CDM မှာ ပါနေတယ်။ နောက်တခါ ဆေးသုတေသနကလည်း ပါနေတာတွေ့ရတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က စစ်ဆေးတာတွေ မလုပ်နိုင်ဘူး။ လူတွေက ပိုပြီးတော့ နီးနီးကပ်ကပ်တွေနဲ့ အော်ဟစ်နေတော့ ကူးစက်မှုတွေ ဖြစ်လာရင်တော့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲရလဒ်လို့ပဲ ကျနော်ကတော့ ယူဆရမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ နောက်ပိုင်း ကုသမှု အနေအထားရော အခုအဖြစ်များလာလို့ရှိရင်လေ။

ဒေါက်တာမြင့်ဦး။ ။ တော်တော်များများကတော့ ကုတင်တွေ၊ လူနာတွေ တော်တော်များများက ဆင်းကုန်ပြီ ကျနော်မနေ့က ဆရာဇော်ဝေစိုးပြောသလောက်ကြားလိုက်တာကတော့ လူနာ ၂၀ လောက်ပဲ ရှိတော့တယ်လို့ပဲကြားတယ်။

အခုကျနော်ကြားသိသလောက်ပေါ့နော် ပစ်ခတ်မှုတွေ ဖြစ်လာရင်တော့ ဆရာတွေကို အရေးပေါ်ခေါ်ပြီးတော့ ကျနော်တို့ ခွဲစိတ်ခန်းတွေသုံးပြီးတော့ ဒီအရပ်သားဆရာဝန်တွေနဲ့ လုပ်ဖို့ရှိတယ်။ တချို့သော ပရဟိတ စင်တာတွေ၊ Fever Clinic က ယနေ့ ကာလမှာ Fever Clinic ကို ပိတ်ပြီးတော့ ပစ်ခတ်ဖြိုခွင်းလာရင် သူတို့မှာ အရန်သင့်၊ အခု နေပြည်တော်မှာ ဦးခေါင်းကို ထိမှန်သွားတဲ့ လူနာတယောက်ရှိနေပြီ။

ဒီလူနာတွေကို ကုတင် ၁၀၀၀ ဆေးရုံက ဘာပဲပြောပြော သူတို့ CDM လုပ်ထားပေမယ့်လည်း သူတို့ အရေးပေါ် ဆရာဝန်တွေရောက်လာပြီးတော့ ဒီကလေးကို ကယ်တင်ထားတယ် Critical condition မှာပေါ့နော်။ အဲဒီတော့ ကျန်တဲ့ဆရာဝန်တွေကလည်း CDM လုပ်နေပေမယ့်လည်း တကယ်လို့များ ရန်ကုန်ရော၊ တခြားမြို့တွေမှာ ပစ်ခတ်နှိမ်နင်းတာတွေ၊ အကြမ်းဖက် နှိမ်နင်းမှုတွေပြုလာရင် ကျနော်တို့ဘက်က အရန်သင့်ဖြစ်အောင် အခုကျတော်တို့ မန္တလေးမှာဆိုရင် အထွေထွေ ရောဂါကုဆရာဝန်တွေက Freelance General Practitioner Society ဆိုပြီးတော့ ဆေးခန်းကြီး နေရာ ၄ နေရာ ၊ တချို့သော အသေးစား ခွဲစိတ်တာကအစ ၊ ဒီကြားထဲမှာ လူထူကြားထဲမှာ ဆရာဝန်တွေက medic team အနေနဲ့ လိုက်ပြီးတော့ Ambulance တွေနဲ့ ကျနော်တို့လိုက်နေတယ် အဲဒီလို ဖြစ်လာရင် ကျနော်တို့က အရေးပေါ် ပြုစုမယ့်ဟာတွေ ဆရာဝန်တွေက မြို့နယ်တိုင်းမှာ ရှိနေတယ်။

သူတို့လည်း သူတို့ဆေးခန်းတွေနဲ့ လုပ်ထားတယ်။ အရေးကြီးရင် ပုဂ္ဂလိက ဆေးရုံကို ခေါ်သွားပြီးတော့ ကျနော်တို့က ခွဲစိတ်ဆရာဝန်တွေကို သူတို့ နည်းနဲ့ ဆက်သွယ်ပြီးတော့ အရေးပေါ်ပေါ့။ ဒီလူတွေက အကုန်လုံး ပရဟိတနဲ့ လုပ်ပေးကြမယ် ၊ ကျနော်တို့ အချင်းချင်း တရားဝင် အထက်က ညွှန်ကြားတာမဟုတ်ပဲနဲ့ မြို့နယ်အလိုက် ဆရာဝန်တွေက ဦးဆောင်ပြီးတော့ လုပ်နေတာ ရှိပါတယ်။


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-covid-military-coup-protest-/5773549.html

စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်တားဆီးရေး အခက်ကြုံရဖွယ် ရှိနေခြင်း စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်တားဆီးရေး အခက်ကြုံရဖွယ် ရှိနေခြင်း Reviewed by THITHTOOLWIN on 07:52 Rating: 5

No comments:

Powered by Blogger.