မန္တလေးဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းခံရမှုမေးမြန်းချက်

မန္တလေးမြို့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်များ (၂၇၊ ဖေဖေါ်ဝါရီ၊ ၂၀၂၁)

မန္တလေးမှာလည်း စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က ဒီနေ့မှာလည်း အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ၊ ဖမ်းဆီးတာတွေရှိတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်ထားပါတယ်။

ရန်နိုင်။ ။ ကိုတေဇာဆန်းရေ ဒီနေ့ မန္တလေးဘက်က ဆန္ဒပြပွဲအခြေအနေတွေ ဘယ်လိုရှိပါသလဲ။

ဒေါက်တာတေဇောဆန်း။ ။ ဒီနေ့မှာတော့ မနက်ခင်းလင်း အစောကြီး ၈ နာရီ ၉နာရီလောက်ကတည်းက ရဲ နဲ့ စစ်သားတွေက တမြို့လုံးလှည့်ပြီးတော့ လုံခြုံရေးအင်အားအများအပြားချထားတယ်။ ကျနော်တို့မန္တလေးရဲ့ ခါတိုင်း ဆန္ဒပြနေကျနေရာတွေပေါ့နော်။ ဘူတာကြီးရှေ့၊ မန္တလေးတက္ကသိုလ် အဝင်ပေါက်ရှေ့နဲ့ ရှမ်းတိုင်းရင်းသားအသင်းအရှေ့တွေမှာ။ နောက် ဆန္ဒပြပွဲတွေကိုလည်း ဖြိုခွဲတယ်။ လူစုလူဝေးစလုပ်လို့မရအောင်အထိကို ဖြိုခွဲတယ်။ ရှမ်းတိုင်းရင်းသားဒေသတင်းရုံးရှေ့မှာဆိုရင်လည်း သူတို့ကသေနတ်ကျည်အစစ် ဖောက်တယ်။ နောက်ဖမ်းတယ်၊ ရိုက်နှက်တာတွေရှိတယ်။ နောက် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာထိုင်နေတဲ့ မန္တလေးတိုင်း NLD ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြနဲ့ တိုင်းကော်မတီဝင် ကိုအေးသိန်းတို့ကိုလည်း ဖမ်းသွားတယ်။ အဓိကဆိုးတာကတော့ သူတို့ စစ်ကားတွေ၊ ရဲကားတွေက လှည့်ရင်းနဲ့ တွေ့သမျှလမ်းပေါ်မှာရှိတဲ့ ပြည်သူတွေကို ဘတ်ခွ (လေးခွ)တွေနဲ့ လျှောက်ပစ်တယ်။ မြတောင်ကျောင်းထဲမှာဆိုရင် ကျောင်းသားတယောက် လောက်လေးခွမှန်တာ မျက်စိကိုမှန်တာ တော်တော်လေး ဒဏ်ရာဆိုးတယ်။ ဒီနေ့ကတော့ ကျနော်တို့ မန္တလေးမှာ တော်တော်လေး ဆိုးဆိုးရွားရွားပါပဲခင်ဗျ။

ရန်နိုင်။ ။ ထိခိုက်ဒဏ်ရာရတဲ့သူဦးရေ အခုနောက်ဆုံးဘယ်လောက်လောက် ရှိတယ်လို့ ကြားပါသလဲ။

ဒေါက်တာတေဇာဆန်း။ ။ ရှမ်းတိုင်းရင်းသားအသင်းရုံးရှေ့မှာ ရိုက်နှက်ခံရတာတွေရှိတယ်။ သေနတ်ဖောက်တာတွေရှိတယ်။ အဲဒီတော့ ကျနော်ထင်တယ် အနည်းဆုံးဖမ်းဆီးခံရတာကိုက ၂၀ ကျော်ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိပြီး ၊ ထွက်ပြေးကြပါတယ်။ ထွက်ပြေးတော့ အိမ်တွေထဲကိုဝင်တော့ အိမ်တွေကလည်း လက်ခံတဲ့အခါမှာ အိမ်ရှင်ကိုပါ ရိုက်တဲ့အဆင့်ပါရှိပါတယ်။ အိမ်ထဲအထိ လိုက်ဖမ်းတာတွေလည်းရှိပါတယ်။ ဘတ်ခွ (လေးခွ) မှန်ပြီး ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပါပဲခင်ဗျ။

ရန်နိုင်။ ။ အခုဆိုရင် ရန်ကုန်အပါအဝင် မြို့အတော်များများမှာ အာဏာပိုင်တွေဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်ဖြိုခွဲတာတွေလုပ်လာတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ ဘယ်လိုသုံးသပ်ပါသလဲ။

ဒေါက်တာတေဇာဆန်း။ ။ ဒါကတော့ အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာပါပဲခင်ဗျ။ ဒီအာဏာရှင်တွေသည် သူတို့ကိုဆန့်ကျင်တဲ့ လက်မခံတဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက် ၊ အင်အားအလွန်အကျွံသုံးပြီးတော့ အဓမ္မဖြိုခွဲနေတာ၊ အာဏာရှင်ရဲ့ စရိုက်လက္ခဏာပါပဲခင်ဗျာ။ သို့သော်ကျနော်တို့ ပြည်သူလူထုအနေနဲ့ကတော့ ဒါတွေကို ကျနော်တို့က ကြောက်ရွံ့နေဖို့မဟုတ်ဘဲ မိမိတို့ရဲ့ မူလရပ်တည်ချက်ဖြစ်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီတောင်းဆိုပွဲကို ဆက်လက်ဆင်နွဲနေကြဖို့ပါပဲ။ ဒိဗန့ဆိုရင် သူတို့က ဖြိုခွဲတယ်။ သို့သော် ကျနော်တို့က တတ်နိုင်သမျှလူစုပြီးတော့ လမ်းလျှောက်လို့မရလျှင် ထိုင်သပိတ်လုပ်တယ်၊ ရောက်နေတဲ့နေရာမှာပဲ ထိုင်ပြီးတော့ ဆန္ဒပြတာတွေ လုပ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုတွေအနေနဲ့ မိမိတို့ တတ်နိုင်တဲ့ အသွင်ပုံစ၊ နည်းနာ အစုံနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်ကြဖို့ပါပဲ။

ရန်နိုင်။ ။ ဒီလိုဖြိုခွင်းတဲ့နေရာမှာ အာဏာပိုင်တွေဘက်က အရပ်သားပြည်သူတွေကို လေးခွတွေနဲ့ပစ်တယ်၊ အိမ်တွေထဲအထိ လိုက်ဆွဲနေတယ်ဟာတွေက ဥပဒေနဲ့ ကိုက်ညီမှုရှိရဲ့လား။

ဒေါက်တာတေဇာဆန်း။ ။ ကျနော်တို့ပြည်သူမှာက လက်နက်ဆိုလို့ ဘာဆိုဘာမှ မပါဘူးဗျ။ ငြိမ်းချမ်းစွာ ကြွေးကြော်တယ် ဆန္ဒဖော်ထုတ်တယ်။ ကျနော်တို့ကတော့ မိမိတို့ရဲ့မူလရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့ ၊ လွတ်လပ်စွာ မိမိဆန္ဒသဘောထားကို ငြိမ်းချမ်းစွာ ဖော်ပြနေကြခြင်းဖြစ်ပါတယ်ခင်ဗျ။ ဒါကိုအခုအာဏာသိမ်းစစ်အုပ်စုက လက်နက်မျိုးစုံ နဲ့ အကြမ်းဖက်နည်း အစုံသုံးပြီး အဓမ္မဖြိုခွင်းနေတဲ့ လုပ်ရပ်သည် ဘယ်လိုမှ၊ ဘယ်ဥပဒေရှုထောင့်ကကြည့်ကြည့်၊ တရားဥပဒေနဲ့ မလျော်ညီတဲ့ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်လို့ပဲ ကျနော်အနေနဲ့ ရှုမြင်ပါတယ်။

ရန်နိုင်။ ။ နောက်တခုကြားတာက အာဏာပိုင်တွေက လူတွေကိုဖမ်းသွားတယ် ၊ ဆိုင်ကယ်တွေကိုဖမ်းသွားတယ်။ ဒီလိုဖမ်းသွားတာတွေနဲ့ ပတ်သက်ပြီး ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတာတွေ၊ ဆိုင်ကယ်တွေပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။ဒီအပေါ်မှာရော တစုံတရာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဒေါက်တာတေဇာဆန်း။ ။ မန္တလေးမှာ ဒီနေ့ဆိုရင် အဲဒီရှမ်းတိုင်းရင်းသားအသင်းရုံးရှေ့မှာ ဖြစ်သွားတယ်။ အဲဒီမှာ ဆိုင်ကယ်တွေ၊ ကားတွေကို သူတို့ ကရိန်းတွေနဲ့လာဆွဲသွားတယ်။ ပြီးတော့ အဲဒါကို ၂ သိန်း ၊၂ သိန်းခွဲနဲ့ လာရွေးခိုင်တယ်လို့ သိရတယ်။ လူတွေရော ဆိုင်ကယ်နဲ့ ကား (ယာဉ်) တွေရောပေါ့။ ဒါက ဆက်ကြေးတောင်းတဲ့သဘော၊ ဓါးပြတိုက်တဲ့သဘောကြီးပေါ့နော်၊ဘယ်လိုမှ ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စမဟုတ်ဘူးဗျာ။ လူသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်တဲ့ကိစ္စတွေကို လုပ်နေကြခြင်းပဲဖြစ်ပါတယ်ခင်ဗျ။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/mandalay-coup-protest-what-happening-in-myanmar-yan-naing-tayzar-sann/5795229.html

မန္တလေးဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းခံရမှုမေးမြန်းချက် မန္တလေးဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းခံရမှုမေးမြန်းချက် Reviewed by THITHTOOLWIN on 23:13 Rating: 5

No comments:

Powered by Blogger.