ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ကြေညာချက် အမှတ် (၁/၂၀၂၁)




ဖေဖေါ်ဝါရီလ (၈) ရက် ၊ ၂၀၂၁ ခုနှစ်

၁။​ ဖေဖေါ်ဝါရီလ (၅) ရက်၊ ၂၀၂၁ ခုနှစ်တွင် ခေါ်ယူခဲ့သည့် ရွေးကောက်တင် မြှောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အရေးပေါ်အစည်းအဝေး၏ သဘောထားထုတ်ပြန်ကြေညာချက်(၂/၂၀၂၁) အရ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ရွေးကောက်ခံအစိုးရထံမှ အဓမ္မအာဏာသိမ်းမှု အပါအဝင် လတ်တလော ဖြစ်ပေါ်လျက်ရှိသောနိုင်ငံရေးအခြေအနေ ပတ်သက်၍ ကြေညာချက် ထုတ်ပြန်လိုက်သည်။

၂။ ​၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော တပ်မတော်ခေါင်းဆောင်တစ်ချို့က ၂၀၂၀ခုနှစ် နိုင်ဝင်ဘာလ (၈)ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲသမာမှုများ ရှိခဲ့နိုင်သည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် တည်ဆဲ အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်အာဏာအား ဥပဒေမဲ့ သိမ်းယူခဲ့သည်။

၃။​ ယင်းသို့ ဥပဒေမဲ့ အာဏာသိမ်းယူမှုနှင့်အတူ အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းမှုတို့အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြည်သူလူထုက ညစဉ်သံပုံးတီးဆန္ဒပြခြင်းဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများက (အများပြည်သူနှင့်အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု) Civil Dis-obedience Movement တွင် တစ်စထက်တစ်စ ပူးပေါင်း ပါဝင်လာခြင်းဖြင့်လည်းကောင်း၊ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့မှ စတင်ကာ ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒပြကန့်ကွက်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်းဖြင့်လည်းကောင်း ထင်ရှားစွာ ပြသနေကြသည်။

၄။ ​ ပြည်သူလူထု၏ အင်တိုက်အားတိုက် စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ အာခံဆန့်ကျင်မှုများက တပ်မတော်ခေါင်းဆောင်တစ်ချို့၏ အာဏာသိမ်းရခြင်း အကြောင်းပြချက်ဖြစ်သည့် ရွေးကောက်ပွဲမဲစာရင်းများနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့နိုင်သည်ဟူသော အကြောင်းပြချက်မှာ လုံးဝ မှန်ကန်မှုမရှိကြောင်း ထင်ရှားစွာပြသနေသည့်အပြင်၊ ဥပဒေမဲ့ အာဏာ သိမ်းယူမှုသည် တပ်မတော်ခေါင်းဆောင်အချို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား သက်သက်ဖြင့် ပြုလုပ်ခဲ့သည်ကိုလည်း မီးမောင်းထိုးပြလျက်ရှိသည်။

၅။​ ဤသို့ ဥပဒေမဲ့ အနိုင်အထက်ပြုကာ လက်နက်အားကိုး၍ ပြည်ထောင်စုအစိုးရကို ဖျက်သိမ်းရန် အားထုတ်မှုသည် ပြစ်မှုဆိုင်ဥပဒေ အခန်း(၆)ပါ ပြဌာန်းချက်များနှင့်ငြိစွန်းလျက် ပြည်ထောင်စုနိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်ပြစ်မှုမြောက်သည့် လုပ်ရပ်သာဖြစ်သည်။

၆။ ​မိမိတို့ ကော်မတီအနေဖြင့် ဥပဒေမဲ့ အာဏာသိမ်းယူ၍ နိုင်ငံတော်ကို ဆန့်ကျင်သော လုပ်ရပ်အား ခေါင်းငုံ့မခံဘဲ အကြမ်းမဖက်သည့် နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်ကြသော မြန်မာနိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသားပြည်သူများ၏ တာဝန်ကျေပွန်မှု၊ ရဲရင့်ပြတ်သားမှုများကို အလေးအနက် ဦးညွတ် မှတ်တမ်းတင်အပ်ပါသည်။

၇။ ​အာဏာသိမ်းယူခြင်းကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြသော တိုင်းရင်းသားနိုင်ငံရေးပါတီများ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ အား လေးနက်စွာ ကျေးဇူးတင်ရှိပါကြောင်း နှင့် မတရားမှုအား ဆန့်ကျင်ရာတွင် ဆက်လက်၍ ထောက်ခံအားပေးပါရန် တိုက်တွန်းအပ်ပါသည်။

၈။ ​နိုင်ငံသားတို့ မျှော်လင့်တောင့်တလျှက်ရှိသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ခြင်း ခရီးလမ်းအတွက် အနှောင့်အယှက် အဟန့်အတား မှန်သမျှအား ဖယ်ရှားပစ်နိုင်ရန်အလို့ငှာ လူမျိုးဘာသာမခွဲခြား နိုင်ငံရေးအင်အားစုများအကြား နားလည်မှု၊ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုတို့ကို အထူးပင် လိုအပ်လျှက်ရှိပါသည်။

၉။​ ထိုဘုံပန်းတိုင် ရောက်ရှိအောင်မြင်ရေးအတွက် ကြိုးပမ်းသည့် ခရီးလမ်းအတွက် အနှောက်အယှက် အဟန့်အတားများအပေါ် အသိသတိကြီးစွာ ထားရှိနိုင်ကြပါစေကြောင်း အလေးအနက် ဆန္ဒပြုလျက်၊ ထိုပန်းတိုင်ရောက်ရှိအောင်မြင်အောင် ကြိုးပမ်းမှုအတွက် ဤကော်မတီက ဦးလည်မသုန် ထမ်းရွက်မည် ဖြစ်ကြောင်း လေးနက်စွာ ကတိပြုပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(NLD)


National League for Democracy

https://www.facebook.com/nldparty

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ကြေညာချက် အမှတ် (၁/၂၀၂၁) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ကြေညာချက် အမှတ် (၁/၂၀၂၁) Reviewed by THITHTOOLWIN on 16:21 Rating: 5

No comments:

Powered by Blogger.