ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းတဲ့ ရဲဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေ



နိုင်ငံအနှံ့က စစ်အစိုးရပြုတ်ကျရေး ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ဟာ ဆန္ဒပြလူထုနဲ့ ပူးပေါင်းသွားတာကြောင့် ဒီရဲတပ်ဖွဲ့ဝင်တွေကို အခြားရဲတပ်ဖွဲ့နဲ့ အရာရှိတွေက လိုက်လံဖမ်းဆီးနေပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင် ၅၂ ဦးဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆန္ဒပြလူထုနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေကို မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးကိုယ်တိုင် လွိုင်ကော်မြို့နယ် ဘာဒိုကျေးရွာမှာ ပြန်လည်ခေါ်ယူဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းဟာ လူမှုကွန်ရက် စာမျက်နှာမှာ အထင်အရှား တင်ထားတာကို တွေ့ရပါတယ်။

အဲဒီ ရဲအရာရှိက လူထုနဲ့ပူးပေါင်းသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်လူထုနဲ့သာ ဆက်လက်ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကျောင်းသားနဲ့ ပြည်သူတွေက ရဲတပ်သားတွေကို ဝန်းရံခေါ်ထုတ်သွားခဲ့ကြပါတယ်။

ဒီရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ လုပ်သက်ခုနှစ်နှစ်ရှိတဲ့ ရဲတပ်သားတွေလည်း ပါဝင်တယ်လို့ ဆန္ဒပြရဲတပ်ဖွဲ့တွေက ပြောခဲ့ပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်ထဲမှာတော့ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ ရဲယူနီဖောင်း ဝတ်ဆင်ထားပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သန္ဓေ ရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ဒေသအတွင်းမှာသာ တာဝန်ထမ်းဆောင်ဖို့ စုဖွဲ့ခန့်အပ်ထားသူတွေ ဖြစ်တယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံအတွင်း ဆူပူဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ရင် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ဆက်လက် အရေးယူ ဆောင်ရွက်လျက်နေတယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြ ပြည်သူလူထုနဲ့ ပူးပေါင်းသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ အထင်ရှားဆုံး ရဲအရာရှိ တစ်ဦးကတော့… ဖေဖော်ဝါရီ ၉ ရက်နေ့ နေပြည်တော် ဆန္ဒပြပွဲအတွင်း ဆန္ဒပြ ပြည်သူလူထုနဲ့ ပူးပေါင်းသွားတဲ့ ရဲအရာရှိပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့် သူ လူထုနဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့ အချက်ကို သူက ပြည်သူလူထုနဲ့ ပူးပေါင်းသွားခဲ့ပြီးနောက်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဲဒီရဲအရာရှိကို ရဲတပ်ဖွဲ့တွေက လိုက်လံရှာဖွေနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။ အလားတူပဲ ဖေဖော်ဝါရီ ၉ ရက်နေ့က မကွေးတိုင်း မကွေးမြို့က လူထုဆန္ဒပြပွဲတွေမှာ ဆန္ဒပြလူထုနဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နေချိန်အတွင်း လူထုဘက်ကို ပြောင်းသွားတဲ့ ရဲတပ်ဖွဲ့ သုံးဦး ရှိခဲ့ပါတယ်။

အထင်ရှားဆုံး နောက်ထပ်ရဲတပ်ဖွဲ့တဦးကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လူထုဘက်ကနေ ရပ်တည်သွားမယ်လို့ တနင်္သာရီတိုင်း မြိတ်မြို့မှာ ဟောပြောခဲ့တဲ့ ရဲတပ်သားတစ်ဦးပဲ ဖြစ်ပါတယ်။ အဲဒီ ရဲတပ်သားဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို လုံခြုံရေးယူထားရင်းက ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး စင်ပေါ်တက် စကားပြောခဲ့တာ ဖြစ်ပါတယ်.

ဒီလို တက်ရောက်ဟောပြောခဲ့ပြီး နာရီဝက်အကြာမှာပဲ အဲဒီ ရဲတပ်သားဟာ ဖမ်းဆီး ခံလိုက်ရပါတယ်။ သူ့ကို ဘယ်လို အရေးယူထားလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာတော့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဆန္ဒပြပြည်သူထုကို လမ်းပိတ်ဆို့ပြီး လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား အစပိုင်းမှာ အပြန်အလှန် အချေအတင် ပြောဆိုဆွေးနွေးတာတွေ ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့.. လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြပြည်သူလူထုတွေ ဆွေးနွေးခဲ့တာ ပြေလည်ခဲ့ပြီး ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဆန္ဒပြလူထုကော လမ်းဘေးမှာ ဝန်းရံနေကြတဲ့ လူထုကပါ… ရဲတပ်ဖွဲဝင်တွေကို ပြည်သူ့ရဲ ပြည်သူ့ရဲလို့ အော်ဟစ်အားပေးတာကို တွေ့ရကြောင်းပါ။




RFA Burmese
ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းတဲ့ ရဲဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းတဲ့ ရဲဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေ Reviewed by THITHTOOLWIN on 06:46 Rating: 5

No comments:

Powered by Blogger.