မြန်မာနိုင်ငံအခြေအနေအတွက် အထူးစိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Motegi Toshimitsu

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ အခြေအနေတွေအပေါ် အထူးစိုးရိမ်မိကြောင်းဂျပန် နိုင်ငံခြားရေး ဝန်ကြီး Motegi Toshimitsu က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အာရှ ပစိဖိတ်ဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု သိသိသာသာ ရှိလာပေမယ့် ဒီမိုကရေစီ ဖြစ်ထွန်းမှုနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု အပိုင်းမှာတော့ စိန်ခေါ်မှုတွေ ရှိနေပါတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပြီး မြန်မာ့ စစ်အာဏာသိမ်းမှုကိုလည်း ထောက်ပြခဲ့တာပါ။

"မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ အခြေအနေတွေကို ဂျပန်ဘက်က အထူးစိုးရိမ်နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းစီးထားသူ အားလုံး ပြန်လွှတ်ပေးရေး ဂျပန်ဘက်က တောင်းဆိုသလိုဘဲ မြန်မာနိုင်ငံရဲက ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို အမြန်ဆုံး ပြန်လည် ကျင့်သုံးဖို့လည်း တောင်းဆိုပါတယ်" လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့တာပါ။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၆ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက တိုကျိုမြို့တော်ကနေ ဗွီဒီယို ကွန်းဖရင့်စ်နဲ့ ပါဝင် ဆွေးနွေးတာမှာ မြန်မာ့အရေး အထူးတလည် ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/japan-fm-concern-on-myanmar-situation-/5790519.html

မြန်မာနိုင်ငံအခြေအနေအတွက် အထူးစိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော မြန်မာနိုင်ငံအခြေအနေအတွက် အထူးစိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော Reviewed by THITHTOOLWIN on 08:05 Rating: 5

No comments:

Powered by Blogger.