စစ်အာဏာသိမ်းခြင်းကို ဂျပန်ရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ


တပ်မတော်အာဏာသိမ်းတဲ့ လုပ်ရပ်ကို နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူကန့်ကွက် ရှုတ်ချကြဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့က ကုလသမဂ္ဂဌာနရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖမ်းဆီးခံထားရသူအားလုံးကို အမြန်မြန်လွှတ်ပေးဖို့ ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကိုမျိုးကြီးက စစ်တပ်ဟာ ၂၀၀၈ အခြေခံဥပဒေကို ကျော်လွန်ပြီး မတရား အာဏာသိမ်းလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

''အခုတပ်မတော်က မတရား အာဏာသိမ်းတာဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းခြင်း မဟုတ်ပါဘူး။ မတရားအာဏာသိမ်းခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်မှတ်ထိုးပြီး အာဏာသိမ်းခြင်းမဟုတ်ပါဘူး၊ စစ်တပ်က ရွေးချယ်ထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေက သူ့ဟာသူ လက်မှတ်ထိုးပြီး အာဏာသိမ်းလိုက်တာပါ။ နိုင်ငံတော်သမ္မတ လုံးဝအနားမယူသေးပါဘူး။ တရားဝင် နိုင်ငံတော်သမ္မတပါပဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အရ မတရားသဖြင့် အာဏာသိမ်းယူထားခြင်း ဖြစ်ပါတယ်။ ဥပဒေကို ကျော်လွန်ပြီး အာဏာသိမ်းထားတယ်ဆိုတာ မြန်မာနိုင်ငံသားတွေရော တကမ္ဘာလုံးသိအောင် ကျနော်တို့ ကြေညာသွားမှာဖြစ်ပါတယ် '' လို့ ကိုမျိုးကြီးက ပြောပါတယ်။

မနေ့ညက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးနောက် ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် တင်မြှောက်လိုက်တာပါ။ အဲ့ဒီနောက် ယာယီသမ္မတ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ကာလုံအစည်းအဝေးခေါ်ယူပြီး နိုင်ငံတော်အာဏာကို တပ်မတော်က တစ်နှစ်ထိန်းသိမ်းလိုက်ကြောင်း ကြေညာလိုက်တာပါ။

ဒီကနေ့ ဂျပန်နိုင်ငံက ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဦးသန်းဆွေက ...

'' ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းဆီးထားတဲ့သူတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ စစ်တပ်အနေနဲ့လည်း ပြီးခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပါ။ အခု သူတို့လုပ်နေတဲ့စာတွေ အားလုံးကို အမြန်ရပ်စေချင်တယ်"လို့ ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသား အယောက် ၈၀၀ လောက် ပါဝင်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူတွေက ပြောကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-in-japan-protest-over-myanmar-military-coup-02012021085917.html

စစ်အာဏာသိမ်းခြင်းကို ဂျပန်ရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ  စစ်အာဏာသိမ်းခြင်းကို ဂျပန်ရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.