စစ်အစိုးရကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် သုံးသပ်နေ


စစ်အာဏာသိမ်းအစိုးရကို ပိတ်ဆို့အရေးယူဖို့ သုံးသပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့က ပြောကြားလိုက်ပါတယ်။ ခုလို အာဏာသိမ်းလိုက်တာကို အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရပြီး ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ဆက်လက် တိုက်တွန်းပါတယ်။ 

အရေးယူပိတ်ဆို့ဖို့ ဆွေးနွေးနေတဲ့အကြောင်း၊ ရိုဟင်ဂျာအရေးနဲ့ ဆက်နွယ်ပြီး တပ်ထိပ်တန်းတာဝန်ရှိသူ လေးဦးကို အမေရိကန်က အရေးယူပိတ်ဆို့ထားတဲ့ အကြောင်းလည်း  နိုင်ငံခြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ 

အမေရိကန်အစိုးရ ဥပဒေအရ အစိုးရကို အကူအညီပေးတာ တားမြစ်မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကို ပေးတဲ့ အကူအညီမှန်သမျှ အစိုးရမဟုတ်တဲ့ လမ်းကြောင်းက တဆင့်သွားမယ်လို့ပြောပါတယ်။ အမေရိကန်အစိုးရဟာ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်ခံရတဲ့ အသိုင်းအဝန်းတွေအတွက်  မြန်မာနိုင်ငံကို ၂၀၁၂ ကစလို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲကျော် ကူညီပံ့ပိုးထားပါတယ်။

အာဏာသိမ်းလိုက်ချိန်ကစလို့  အာဏာသိမ်းခေါင်းဆောင်တွေနဲ့ အဆက်အသွယ်မရှိဘူးလို့လည်း တာဝန်ရှိသူကပြောပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်အများစုဟာ နေအိမ်အကျယ်ချုပ် ကျနေတဲ့အတွက် အဆက်အသွယ်မရဘူးလို့လည်း ပြောပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ နီးစပ်တဲ့မိတ်ဖက် ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ နေ့စဉ် ဆက်သွယ်တဲ့အကြောင်း၊ မြန်မာစစ်တပ်နဲ့ ဆက်သွယ်ရတာထက် ပိုကောင်းမွန်တဲ့ အကြောင်းပြောပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို သတင်းထောက်တယောက်က မေးမြန်းတဲ့အခါ  ဒီအကြောင်းနဲ့ ဆက်စပ်ပြီး အဆက်အသွယ်မရှိဘူးလို့ ပြန်လည်ဖြေကြားပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese

စစ်အစိုးရကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် သုံးသပ်နေ စစ်အစိုးရကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် သုံးသပ်နေ Reviewed by THITHTOOLWIN on 06:06 Rating: 5

No comments:

Powered by Blogger.