ဆန္ဒပြမှုများ စနစ်တကျဖြစ်စေဖို့ ပြင်ဆင်ကြိုးစားလာ

နေပြည်တော်မှာတွေ့ရတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ဒီနေ့ဆိုရင် ၅ ရက် ရှိလာပါပြီ။ ဆန္ဒပြလှုပ်ရှားမှုတွေ ရက်ကြာလာတာနဲ့အမျှ စနစ်တကျထိန်းထားနိုင်အောင် ဆန္ဒပြလှုပ်ရှားသူတွေ ကြိုးပမ်းနေကြတဲ့အကြောင်းကို ရန်ကုန်မှာ ကိုယ်တိုင်သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ပြပါမယ်။

အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ စနစ်တကျနဲ့ ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။ ရန်ကုန်၊ မန္တလေးနဲ့ အစိုးရဝန်ထမ်းအများစု နေထိုင်ရာ နေပြည်တော်ကောင်စီအပြင် နိုင်ငံအနှံ့က နေရာတော်တော်များများမှာ လူတန်းစားပေါင်းစုံက ပါဝင်လာတာလည်း တွေ့ရပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ အားကောင်းလာနေချိန်မှာပဲ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် ပြဿနာတက်မယ့် အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ စည်းကမ်းတကျဖြစ်ဖို့လည်း ကြိုးပမ်းနေကြတာပါ။ လမ်းပေါ်ထွက် ဆန္ဒပြဖို့ နေရာအနှံ့ကရောက်လာသူတွေ အဆင်ပြေစေဖို့အတွက် သန့်စင်ခန်း အခမဲ့ပေးသုံးတဲ့ နေရာတွေလည်းရှိလာပါတယ်။

"မင်္ဂလာပါ...ကျန်းမာရေးအပေါ့အပါး သွားချင်သူများ ၂လွှာ၊ ၃လွှာ၊ ၄လွှာတွင် အခမဲ့အသုံးပြုနိုင်ပါတယ်။ ၂လွှာနှင့် ၃လွှာတွင် အမျိုးသမီးများ အသုံးပြုနိုင်ပြီး ၄လွှာတွင် အမျိုးသားများ အသုံးပြုနိုင်ပါတယ် ခင်ဗျာ။"

ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတခုဖြစ်တဲ့ လှည်းတန်းမှာတော့ တနေ့ကို ဆန္ဒပြသူအင်အား သိန်းနဲ့ချီရှိနေတာပါ။ နေ့အချိန်မှာ ဆန္ဒပြသူအစုအဝေး အများဆုံးရှိနေပေမဲ့ လမ်းပေါ်မှာ အမှိုက်တစမကျန်အောင် ဆောင်ရွက်နေသူတွေလည်း ရှိပါတယ်။

"အမှိုက်ကောက်တယ်ဆိုတာ ဒီမှာကတော့ လူတွေက အရမ်းများတယ်လေ။ တနေ့ထက် တနေ့က များများလာတယ်။ လူတယောက်မှာထွက်တဲ့ အမှိုက်ကလည်း မနည်းဘူး။ လမ်းမှာအမှိုက်ပုံး အလွယ်တကူ မရှိဘူး။ အကုန်လုံးက နိုင်ငံ့အရေးကို အာရုံစိုက်နေရတဲ့အခါမှာ နောက်က Volunteer တွေကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က အားဖြည့်ပေးကြတာပေါ့။ အဓိက ဘာဖြစ်သွားစေချင်တာလဲဆိုတော့ ညီမတို့ Generation Z လူငယ်တွေအကုန်လုံးက ဒီဟာတွေပြီးသွားပြီဆိုတာနဲ့ ဒီမြို့တော်ကြီးဟာ သန့်ရှင်းသွားပြီဆိုတာတွေ ဖြစ်စေချင်တယ်။ ပြီးတော့ ပြည်သူတွေအကုန်လုံးကလည်း တတတ်တအားပါဝင်ကြတယ်။ တချို့လူတွေဆို ကိုယ့်အမှိုက်အိတ်လေးနဲ့ ကိုယ်လာကြတယ်။ ကျန်တဲ့သူတွေကလည်း သူတို့မှာ မနိုင်တဲ့အမှိုက်တွေဆိုရင် ညီမတို့အိတ်ထဲကိုထည့်တယ်၊ ညီမတို့ကောက်ပေးတယ်ပေါ့နော်။ အဲဒီလိုမျိုး သန့်ရှင်းသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ညီမတို့ဒီလိုလုပ်ပေးတာပါ။"

လမ်းပေါ်ထွက် ဆန္ဒပြလာတာ ပြီးခဲ့တဲ့ စနေနေ့ ပထမဆုံးရက်ကထက်စာရင် ဘက်ပေါင်းစုံကနေ ပြည်သူတွေအတွက် လုပ်အားပေးနေတဲ့ စေတနာရှင်တွေလည်း ပိုများလာပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ပေးသူ၊ အမှိုက်ကောက်ပေးသူနဲ့ အစားအသောက် လှူဒါန်းသူတွေလည်း ခပ်စိတ်စိတ်ရှိလာပါတယ်။

"အစားအသောက်ဝေတယ်ဆိုတာ လာတဲ့သူတွေမှာ အဝေးကနေလာတယ်။ တချို့ကတော့လည်း ဗိုက်ဆာကြတာရှိတယ်ပေါ့နော်။ ဗိုက်ဆာတဲ့အခါမှာ အမတို့ဘက်ကနေပြီးတော့ ကာလကုသိုလ်လည်းဖြစ်တယ်ပေါ့နော်။ အဲဒါကြောင့် ပြည်သူတွေအတွက် အမတို့က ကိုယ်နိုင်တဲ့ဝန်လေး ထမ်းပေးတာ။ အားရှိအောင်လို့ ကြက်ဥပြုတ်တွေဝေတယ်။ အားရှိမယ့်အစားအစာလေးတွေ ပြည်သူတွေအတွက်ပေါ့နော်။ နှမ်းစေ့တစေ့က ဆီမဖြစ်ပေမဲ့ အစ်မတို့က နှမ်းစေ့တစေ့အနေနဲ့ ပါဝင်ပေးတာ။"

ပြည်သူတွေအချင်းချင်း စုပေါင်းအင်အားပြပြီး ရက်တိုးလာတဲ့ ဆန္ဒပြပွဲတွေမှာ အားလုံးအန္တရာယ်ကင်းစေဖို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆန္ဒပြဦးဆောင်သူတွေက သတိပေးနေကြပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေဘက်က အင်အားသုံးနှိမ်နင်းတာ အရေးယူတာမျိုးတွေ မလုပ်ဖို့ သတိပေးထားပါတယ်။ 


စုစု/ VOA Burmese

https://burmese.voanews.com/a/myanmar-militar-coup-protest/5772610.html

ဆန္ဒပြမှုများ စနစ်တကျဖြစ်စေဖို့ ပြင်ဆင်ကြိုးစားလာ ဆန္ဒပြမှုများ စနစ်တကျဖြစ်စေဖို့ ပြင်ဆင်ကြိုးစားလာ Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.