တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေ မရှိသလောက်ဖြစ်လာသလို လူတွေကလည်း ရောဂါပိုးထက် အာဏာရှင် ဆန့်ကျင်ရေးကို ပိုပြီး အာရုံစိုက်နေတာ တွေ့ရပါတယ်။
ဆရာဝန်တွေ အများစုကတော့ ဆန္ဒပြရာမှာ နှာခေါင်းစည်းတပ်ဖို့နဲ့ လက်ကိုမကြာခဏ လက်သန့်ဆေးရည်နဲ့ ဆေးဖို့ တိုက်တွန်းထားကြပါတယ်။
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ် (ခေါ်) ကိုဗစ် ၁၉ ကတော့ ကမ္ဘာတစ်လွှားမှာ ကူးဆက်မှုတွေ ရှိနေသေးသလို ကာကွယ်ဆေးထိုးတာတွေလည်း လုပ်နေကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးတာတွေဟာ မရှိသလောက် နည်းပါးလာသလို ပြည်သူ လူထုကလည်း ကိုဗစ်ကူးစက်မှာထက် အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတာတွေ နိုင်ငံတစ်ဝှမ်း ပြုလုပ်လာကြပါတယ်။
အရင်က ကိုဗစ်ပိုးတွေ့လူနာစာရင်းတွေ အမြဲတမ်းထုတ်ပြန်နေတဲ့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန Facebook လူမှုကွန်ရက်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့နောက်ပိုင်း ဘာမှတင်တာမတွေ့ရပါဘူး။
ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ကိုဗစ်စစ်ဆေးနေတဲ့ အခြေအနေနဲ့ ကာကွယ်ဆေး ထိုးပေးမယ့် အခြေအနေတွေသိရဖို့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး လက်ခံမယ့် နေရာမရှိတာကြောင့် စစ်ဆေးတာတွေ မလုပ်တော့ဘူးလို့ အမည်မဖော်လိုတဲ့ မြို့နယ်ကျန်းမာရေးဦးစီး တစ်ယောက်က RFA ကို ပြောပါတယ်။
"စစ်ဆေးတာတွေ ဘာတွေက ကျမတို့ကအခု မရှိတော့ဘူး မရှိတော့ဘူးဆိုတာက စစ်ဆေးပြီးလို့ ရှိရင်လည်း ထွက်လာတဲ့ လူနာတွေ လက်ခံမယ့်စင်တာမရှိဘူး၊ အဲဒါကြောင့် ၁၀ ရက်နေ့လောက် ကတည်းက လိုအပ်တဲ့ ညွှန်ကြားချက်လေးတွေလောက်ဘဲ ဆက်ပြီးတော့ ကျန်းမာရေးနဲ့ပက်သက်ပြီး နေရထိုင်ရမှာတွေဘဲ ပြောလိုက်တယ်"
ကိုရိုနာဗိုင်းရပ်စ်ဟာ လူစုလူဝေးကနေ အများဆုံး ကူးစက်တာဖြစ်ပြီး အခုလို လူအုပ်စုတွေနဲ့ ဆန္ဒပြ နေတာဟာ ပိုးကူးစက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ ကိုဗစ်ကူးစက်မှုဟာ တစ်ယောက်ချင်းဆီသာ ထိခိုက်နိုင်ပြီး စစ်အာဏာသိမ်းမှုဟာ မျိုးဆက်အားလုံးကို ထိခိုက်နိုင်တာကြောင့် ကိုဗစ်ကူးစက်မှုကို မစိုးရိမ်နိုင်ဘဲ ဆန္ဒပြနေရတာလို့ ပြောပါတယ်။
ဒါပေမဲ့ ပြည်သူတွေဟာ ကိုဗစ်ထက် အာဏာရှင်ပြုတ်ကျရေးကို ပိုဦးစားပေးနေတာလို့ ဆရာဝန်လည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ သင်္ကန်းကျွန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာမှာ အရွေးချယ်ခံရတဲ့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။
"အဓိကတော့ အခုချိန်မှာ ကိုဗစ် ၁၉ ထက် မျိုးဆက်တွေကို အမြဲတမ်းဖိနှိပ်နေမယ့် စစ်အာဏာရှင်ကို တော်လှန်ဖို့က အရေးကြီးပါတယ်၊ ဒါကြောင့်မို့ စစ်အာရှင်စနစ် ပြုတ်ကျရေးကို ကျနော်တို့က ကိုဗစ်ထက် ပိုအရေးကြီးတဲ့အတွက် ပိုပြီးတော့တိုက်ပွဲဝင်နေကြတယ်၊ ဒါကြောင့်မို့ မိဘပြည်သူတွေအနေနဲ့ ဆန္ဒပြတဲ့အခါမှာ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဆပ်ပြာဆောင်ဖို့ အဲဒါလေးတွေကိုတော့ ဂရုစိုက် စေချင်ပါတယ်၊ အဓိကတော့ အာဏာရှင်စနစ်လုံးဝ အမြစ်ပြတ်ဖို့ အရေးကြီးပါတယ်"
ကိုဗစ်ဆေးစစ်ဖို့အတွက် ကျန်းမာရေးယန္တရားဟာ ရပ်တန့်လုနီးပါးဖြစ်နေတာကြောင့် လက်ရှိထွက်ပေါ်နေတဲ့ စာရင်းတွေဟာ အတည်ပြုလို့မရဘူးလို့ ကျန်းမာရေး ပညာပေး စာပေတွေရေးသားနေတဲ့ စာရေးဆရာ ဒေါက်တာဖြိုးသီဟက ပြောပါတယ်။
"စစ်ဆေးမှုအပိုင်းမှာလည်း ယန္တရားက တော်တော်ရပ်တန့်လုနီးပါး ဖြစ်နေတဲ့အခါကျတော့ စစ်ဆေးဖို့ မှာလည်း ခက်ခဲသွားတာပေါ့နော် ခက်ခဲတဲ့အခါကျတော့ ပိုးတွေ့တဲ့ လူအရေအတွက်က သိသိသာသာ လျော့ကျသွားတာပေါ့၊ ဒါကကျတော့ ပိုးမရှိတော့ဘူး ပျောက်သွားပြီလို့ ပြောလို့မရဘဲ စစ်လို့မရတဲ့အတွက် အရေအတွက်က လျော့သွားတဲ့အတွက် အဲဒီဖေဖော်ဝါရီလအတွင်းမှာ ဖြစ်သမျှ လူအရေအတွက် အကုန်လုံးကတော့ အတည်ပြုလိုရတဲ့ ဂဏန်းတွေမဟုတ်ဘူး ယန္တရားကရပ်နေတာကို"
ဆရာဝန်တွေ၊ ကျန်းမာရေး အသိပညာပေးသူတွေကတော့ ဆန္ဒပြရာမှာ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့၊ လက်ဆေးဆပ်ပြာတွေ ဆောင်ပြီး လက်မကြာခဏဆေးဖို့ တိုက်တွန်းထားကြပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ တစ်သိန်း လေးသောင်းကျော်ရှိပြီး သေဆုံးသူ သုံးထောင်ကျော်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ တစ်သိန်းနှစ်သောင်းခွဲကျော် ရှိတယ်လို့ သိရပါတယ်။
ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲကို ပြီးခဲ့တဲ့လ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ပထမအကြိမ်ထိုးပေးပြီး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကနေ ကာကွယ်ဆေးသန်း ၃၀ ကို ပြီးခဲ့တဲ့ ရွေးကောက်ခံ အစိုးရလက်ထက်က ဝယ်ယူထားပြီး နှစ်သန်းကို ဖေဖော်ဝါရီလအတွင်းမှာ ရောက်ရှိမယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ ကာကွယ်ဆေးထိုးတာတွေ အရင်တိုင်းဘဲ အပြောင်းအလဲမရှိ ထိုးပေးသွားမယ်လို့ ဖေဖော်ဝါရီ ၃ရက်နေ့က RFA နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဒီလို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းတွေဟာ အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေတာကြောင့် ပိုးစစ်ဆေးတာတွေ အပါအဝင် ဘာမှမဆောင်ရွက်နိုင်ကြဘူးလို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောဆိုတာတွေရှိပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/covid-test-about-to-terminate-02152021085551.html
No comments:
Post a Comment