မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လူနည်းစုတိုင်းရင်းသားတွေနဲ့ မြန်မာအလုပ်သမားတွေအလုံးအရင်းနဲ့ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာကြမှာကို ထိုင်းနိုင်ငံဘက်က စိုးရိမ်နေပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နိုင်ငံရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်နေတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်ကလည်း အခုလို စိုးရိမ်မှုတွေ တိုးလာနေတာပါ။
ထိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒုရဲချုပ် စုန်ဖုန်း ချင်ဒူဝင် (Sompong Chingduang) က ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်၊ ကမ်ချနဘူရီ- ပကျွတ်ကရန်ကန် နယ်စပ်စစ်ဆေးရေးဂိတ်တွေကို လာရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် နယ်မြေခံအာဏာပိုင်တွေနဲ့ အရေးပေါ် အစည်းအဝေးအပြီး သတင်းထောက်တွေကို မြန်မာနိုင်ငံရေးနဲ့ဆက်စပ်ပြီး ထိုင်းနယ်စပ်တွေကနေ ခိုးဝင်လာသူတွေ များလာနိုင်ကြောင်း အခုလို ပြောသွားပါတယ်။
လဝက ဒုရဲချုပ် ပြောသွားတာကတော့ ထိုင်းအစိုးရက နိုင်ငံအတွင်း ရောက်နေတဲ့ ခိုးဝင် မြန်မာနိုင်ငံသားတွေကို တရားဝင်အဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ကာလမှာ နိုင်ငံနယ်စပ် တောလမ်းတွေကနေ မြန်မာနိုင်ငံသားတွေ ပိုပြီး ဝင်လာနေတာကို တွေ့နေရပါတယ်။ လူကုန်ကူးလုပ်ငန်းလုပ်နေသူတွေကလည်း အခကြေးငွေယူပြီး လူကုန်ကူးလာနေကြတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်တွင်းကလူတွေနဲ့ နယ်စပ်က တိုင်းရင်းသားတွေပါ ဝင်ရောက်လာနိုင်တာကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဒေသက ကျေးရွာတွေမှာ စစ်ဆေးမှုတွေ၊ စောင့်ကြည့်မှုတွေ တိုးမြှင့်ဆောင်ွက်ဖို့ လိုအပ်နေတယ်” လို့ ထိုင်းဘာသာနဲ့ ပြောသွားတာပါ။
မြန်မာနိုင်ငံသားအများစု ဝင်ရောက်လာနေတဲ့ နယ်စပ်ဒေသက ဝင်ပေါက်တွေကို ထိုင်းစစ်တပ်က အင်အားတိုးမြှင့်ချထား စောင့်ကြည့်နေသလို နယ်စပ်တလျှောက် အဖမ်းအဆီးတွေ ပိုများလာနေပါတယ်။ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၆ ဦးဟာ ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လ်မြို့နယ်ထဲကို တရားမဝငက် ဝင်ရောက်လာတဲ့အတွက် အဖမ်းဆီးခံခဲ့ရပါတယ်။
အခုရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်-မဲဆောက်နဲ့ ကမ်ချနဘူရီတို့မှာ တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရာဂဏန်းလောက် ဖမ်းဆီးခံနေကြရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
မအေးအေးမာ/ VOA Burmese
https://burmese.voanews.com/a/thai-myamar-coup-migrants-/5767992.html
No comments:
Post a Comment