မြန်မာစစ်တပ် အာဏာစွန့်ဖို့ အမေရိကန် ထပ်မံတိုက်တွန်း

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price

အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အနေနဲ့ အာဏာစွန့်လွှတ်ပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်အပ်ရမယ်ဆိုတဲ့ ပြောဆိုထားချက် အတိုင်း အမေရိကန်က ဆက်လက် ရည်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"စစ်တပ်က အာဏာစွန့်ရပါမယ်။ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်အပ်ရပါမယ်။ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက် ရည်တည်နေပြီး အဲဒီ ရပ်တည်ချက် မပြောင်းပါဘူး" လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က ပြောဆိုခဲ့တာပါ။

အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်က ကတိပြုထားတဲ့ အတိုင်း ရွေးကောက်ပွဲသစ် ကျင်းပရေး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး သွားရောက် ညှိနှိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရည်တည်ချက်ကို မေးမြန်းခဲ့တာမှာ သူက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီအဆိုပြုချက်ဟာ ခန့်မှန်းပြောဆိုတဲ့ အဆင့်သာ ရှိသေးတယ်လို့ နားလည်ထားပါတယ်၊ ဒါကြောင့်လည်း မှတ်ချက် မပေးလိုကြောင်း" အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ဖြေကြားခဲ့ပါတယ်။

မြန်မာ စစ်အုပ်ချုပ်ရေး ကောင်စီက လုပ်မယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို လက်ခံရေး အင်ဒိုနီးရှားဘက်က စည်းရုံး ကြိုးပမ်းနေကြောင်း ရိုက်တာ သတင်းတပုဒ်က ဖော်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။ အင်ဒိုနီးရှားဘက်ကတော့ ဒီသတင်းက မမှန်ဘူးလို့ ပြောပါတယ်။

အာဏာ ရယူထားတဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ စစ်အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ၂ ဦး ဖြစ်တဲ့ ဗိုလ်ချူပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချူပ်ကြီး မိုးမြင့်ထွန်း တို့ကို တနလာင်္နေ့မှာ အမေရိကန်က ပြစ်ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ခဲ့သလိုဘဲ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေ အကျိုးဆက်ခံစားရမယ်လို့လည်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ထပ်လောင်း ပြောပါတယ်။

မြန်မာ စစ်အာဏာသိမ်းမှု အတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဗြိတိန်နဲ့ ကနေဒါတို့က ဒဏ်ခတ် ပိတ်ဆို့ကြောင်း ကြေညာထားပြီး ဖြစ်သလို ဥရောပ သမဂ္ဂ ဘက်ကလည်း စစ်ခေါင်းဆောင်တွေကို အရေးယူ ဒဏ်ခတ်ဖို့ တနလာင်္နေ့က နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-state-department-on-myanmar-/5790065.html

မြန်မာစစ်တပ် အာဏာစွန့်ဖို့ အမေရိကန် ထပ်မံတိုက်တွန်း မြန်မာစစ်တပ် အာဏာစွန့်ဖို့ အမေရိကန် ထပ်မံတိုက်တွန်း Reviewed by THITHTOOLWIN on 07:48 Rating: 5

No comments:

Powered by Blogger.