မြန်မာ့အရေး အာဆီယံ ရှေ့တပတ်ထဲ ဆွေးနွေးဖွယ်ရှိ

မြန်မာ့အရေး အာဆီယံ ရှေ့တပတ်ထဲ ဆွေးနွေးဖွယ်ရှိ

မြန်မာနိုင်ငံက အာဏာသိမ်းကိစ္စကို ဆွေးနွေးဖို့ အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးအဆင့် အထူး အစည်းအဝေးတစ်ရပ်ကို အင်္ဂါနေ့မှာ ကျင်းပဖို့ရှိလို့ အာဆီယံ သံတမန်သတင်းရပ်ကွက်က သောကြာနေ့က ပြောပါတယ်။ ဒီအစည်းအဝေးက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချပြီးတဲ့နောက် အာဆီယံအဖွဲ့ရဲ့ ပထမဆုံး အစည်းအဝေးဖြစ်လာမှာပါ။

အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများက ဒီ အစည်းအဝေးကို တက်ရောက်ဖို့ အဆင်သင့် ရှိနေသလို မြန်မာစစ်တပ်ရဲ့ စစ်အုပ် ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးဖြစ်သူ ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖိတ်ကြားထားကြောင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်တာနဲ့ ဗွီဒီယိုကတဆင့် တက်ရောက်တာ နှစ်မျိုး စလုံးရောပြီး ကျင်းပမှာ ဖြစ်ပါတယ်။ လူကိုယ်တိုင် တက်ရောက်မယ့်သူတွေက အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ရှိရာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ စစ်အုပ်ချုပ်ရေး ကောင်စီက တစ်နှစ်အကြာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ကတိပြုထားတဲ့ ကိစ္စအပေါ်မှာတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထား မတူညီမှုတွေရှိလာနိုင်ပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ် ပြုလုပ်နေတဲ့ မြန်မာနိုင်ငံအတွင်းက ဆန္ဒပြသူတွေကတော့ မြန်မာ စစ်အုပ်စုက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ပါဝင်တက်ရောက်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာပါ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာ့အရေး အာဆီယံ အစည်းအဝေး ကျင်းပရေး ဦးဆောင် စည်းရုံးနေသူ ဖြစ်ပါတယ်။ ဝန်ကြီး Retno Marsudi က သီတင်းပတ်တွေထဲ အာဆီယံ လက်ရှိ ဥက္ကဌ ဘရူနိုင်းလ်နိုင်ငံနဲ့ အဖွဲ့ဝင် စင်္ကာပူ နိုင်ငံတွေ အပါအဝင် အဖွဲ့ဝင်နိုင်ငံ တော်တော်များများကို သွားရောက်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကတော့ ထိုင်းနိုင်ငံမှာ Retno Marsudi က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နဲ့ မြန်မာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/asean-summit-in-next-week-/5794943.html

မြန်မာ့အရေး အာဆီယံ ရှေ့တပတ်ထဲ ဆွေးနွေးဖွယ်ရှိ မြန်မာ့အရေး အာဆီယံ ရှေ့တပတ်ထဲ ဆွေးနွေးဖွယ်ရှိ Reviewed by THITHTOOLWIN on 08:21 Rating: 5

No comments:

Powered by Blogger.