မြန်မာ့အရေးဆုံးဖြတ်ချက် ကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အတည်ပြု

Ohio ပြည်နယ် အောက်လွှတ်အမတ် Steve Chabot

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချ အရေးယူဖို့နဲ့ ဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်က နိုင်ငံခြားရေးရာကော်မတီကအတည် ပြုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ကာကွယ်ရေး ဥပဒေမူကြမ်းကို ထောက်ခံကြောင်းနဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို ကုလသမဂ္ဂ စင်မြင့်မှာ အပြစ်ပေး အရေးယူနိုင်ရေး အမေရိကန်ကို အစိုးရကို တောင်းဆိုသွားမှာ ဖြစ်ကြောင်း နယူးယောက်ပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော် ရီပတ်ဘလင်ကန် အမတ် Claudia Tenneyက ပြောပါတယ်။

Ohio ပြည်နယ်က အောက်လွှတ်အမတ် Steve Chabot နဲ့ Michigan ပြည်နယ်က အောက်လွှတ်တော် အမတ် Andy Levin တို့ ဦးဆောင် တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကိုတော့ ပါတီ ၂ ရပ်လုံးက ထောက်ခံခဲ့ကြတာပါ။

လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုက အတူ ရပ်တည်သွားမှာဖြစ်ပြီး မြန်မာ ပြည်သူတွေကို ထောက်ခံအားပေးဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်သွားမယ်လို့လည်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Chabotက ပြောပါတယ်။

တပ်မတော်က ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီကို ဆိုးဆိုးရွားရွား ဖျက်လိုဖျက်ဆီး လုပ်ပစ်ပေမယ့် မြန်မာပြည်သူတွေ အပေါ်မှာ သူ့အနေ နဲ့ ယုံကြည်မှုရှိကြောင်း ဒီမိုကရက်ကိုယ်စားလှယ် Andy Levin က ပြောပါတယ်။ အာဏာရှင်စနစ်ကို ပြန်လှည့်သွားတာ လက်မခံနိုင်စရာ ဖြစ်တယ်ဆိုတာကို မြန်မာ စစ်တပ်သိအောင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အမေရိကန် ပြည်ထောင်စုတို့က လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာပဲ မြန်မာ့ဒီမိုကရေစီ ကာကွယ်ရေး ဥပဒေမူကြမ်း ၂၀၂၁ ကိုလည်း ဒီတပတ်ထဲမှာပဲ တင်သွင်းထားပါတယ်။ 


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/congress-foreign-affairs-committee-pasess-myanmar-resolution/5795448.html

မြန်မာ့အရေးဆုံးဖြတ်ချက် ကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အတည်ပြု မြန်မာ့အရေးဆုံးဖြတ်ချက် ကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အတည်ပြု Reviewed by THITHTOOLWIN on 08:17 Rating: 5

No comments:

Powered by Blogger.