အကြမ်းမဖက်ပဲ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ သီတင်း ၂ ပတ်လောက် ရှိလာနေချိန်မှာပဲ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ ဖမ်းဆီးခံရ၊ ဖိအားပေး ခံရတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာဆိုရင်လည်း ဒီကနေ့ အနည်းဆုံး ၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ ဆန္ဒပြသူတယောက်က ဗွီအိုအေကို ပြောပါတယ်။
“ချစ်မောင်မောင်၊ သူ့ကို အရင်ဖမ်းတာ နောက်ပြီးတော့ သူနောက်က လိုက်သွားတဲ့ နှစ်ယောက်ကိုပါ ထပ်ဖမ်းတယ်။ အားလုံးဆိုရင်တော့ သုံးယောက်ပါ။ လောလောဆယ်မှာ တော့ သူတို့နဲ့ အဆက်အသွယ်မရဘူး မရဘူးဆိုတာက ဖုန်းမပါတဲ့ အခါကတော့ မရဘူး။”
မနေ့တုန်းကလည်း ရခိုင်ပြည်နယ် တောင်ပိုင်းက သံတွဲမြို့မှာ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ကျောင်းသားလူငယ် ၁ ဦး အပါအဝင် ၄ ယောက် ဖမ်းဆီးခံရပြီး အခုအချိန်ထိ အဆက်အသွယ် မရသေးဘူးလို့လည်း ဆန္ဒပြသူတစ်ဦးကပြောပါတယ်။
သံတွဲဆန္ဒထုတ်ဖော်ရာမှာပါဝင်သူ တစ်ဦးအသံ။
“ အားလုံးလေးယောက်ပါ မိန်းကလေးတယောက် ယောက်ျားလေး သုံးယောက်ပေါ့ ကျောင်းသားတစ်ယောက်ပါတယ်။ ကျန်တာကတော့ အပြင်သူတွေပါ။ လက်ရှိမှာတော့ သူတို့ကို ဆက်သွယ်လို့မရပါဘူး။ အစကတော့ ပြန်လွတ်ပေးမယ်လို့ ပြောတယ်။ အခုကတော့ မလွတ်ဘဲနဲ့ တရားစွဲတယ်လို့ ပြောသံကြားတယ်။”
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေအပေါ် မန္တလေး၊ နေပြည်တော် စတဲ့မြို့တွေမှာ အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။ မနေ့တုန်းက ဆိုရင်လည်း ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နိုင်နှင်းရာမှာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦး ကပြောပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့လည်း ပြောပါတယ်။
“မနေ့ကတော့ ကျောင်းဆရာတဦး အဖမ်းခံရတယ်။ ဒဏ်ရာရတာကတော့ ၆ဦးနဲ့ ဆယ်ဦး ကြားလောက်ရှိတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရပါဘူးခင်မျာ။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာတွေရှိသလို အစိုးရဝန်ထမ်းတွေ အများအပြားဟာလည်း ရုံးမတက်ပဲ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြတာပါ။ CDM လို့ခေါ်တဲ့ အနုနည်းနဲ့ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေကို အာဏာပိုင်တွေက ဖိအားပေးတာ ခြိမ်းခြောက်တာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ အစိုးရရုံးစိုက်ရာ နေပြည်တော်က မြန်မာ့မီးရထားလုပ်ငန်းက ဝန်ထမ်းတဦးကပြောပါတယ်။
“ဝန်ထမ်းတွေ အချင်းချင်းကိုပဲ သူတို့က ဖြန့်ပြီးတော့ ပြောခိုင်းတာပေါ့ လူကြီးတွေကတော့ တိုက်ရိုက်မပြောဘူး။ များသောအားဖြင့် အဲလို ဖြန့်တဲ့သူတွေက ရုံးတက်နေတဲ့သူတွေ CDM မလုပ်တဲ့သူတွေ လုပ်တဲ့သူတွေက ဝန်ထမ်းအိမ်ရာတွေမှာ ဥပမာ နေပြည်တော်မှာဆိုရင် CDMလုပ်နေတဲ့ သူတွေရဲ့ အိမ်တွေကို မလုပ်တဲ့သူတွေက လာပြီးတော့ လူကြီးတွေကတော့ ဘယ်လိုဘယ်လိုမှာလိုက်တယ်။ ရုံးပြန်တက်ဖို့ မှာတယ်။ မတက်လို့ရှိရင် နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်မယူဘူးပေါ့နော်။”
ဒီကနေ့မှာပဲ မန္တလေးမြို့မှာ မီးရထားဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ အာဏာပိုင်တွေ အတင်းအကျပ်စေခိုင်းတာတွေ ရှိခဲ့ကြောင်းလည်း နီးစပ်သူတွေက ပြောပါတယ်။ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ချိန်ကစလို့ မီးရထားလုပ်ငန်းတွေ အပါအဝင် အစိုးရရဲ့ လုပ်ငန်းတွေ တော်တော်များများလည်း ရပ်ဆိုင်းနေတာပါ။
လုပ်ငန်းတွေ ပြန်လည်စတင်နိုင်အောင် ဖိအားပေးမှုတွေ၊ အရေးယူအပြစ်ပေးဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ နေပြည်တော်က မီးရထားဝန်ထမ်းကတော့ အလျှော့မပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
“ ကျမတို့ကတော့ မတက်ဘူး လုံးဝမတက်ဘူး ပြောရမယ်ဆိုရင်ပေါ့နော် ကျမတို့က အကောင်းဆုံးလုပ်တယ်။ အဆိုးဆုံး အခြေအနေကိုလည်း ကြိုတွက်ထားတယ်။ ဘယ်လိုအနေအထားနဲ့ လာခေါ်ခေါ် တက်မှာမဟုတ်ဘူး ကျမတို့က ထွက်ဖို့အထိ ပြင်ဆင်ထားတယ်။”
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဆန္ဒပြပွဲတွေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်ဖို့နဲ့ ဝန်ထမ်းတွေပါ ပူးပေါင်းပါဝင်ကြဖို့ ဒီကနေ့ တိုက်တွန်းထားချိန်မှာပဲ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့နဲ့ အရေးယူတာတွေ မလုပ်ဖို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း သတိပေးပြောဆိုထားပါတယ်ခင်ဗျာ။
သက်နိုင်/ VOA Burmese
https://burmese.voanews.com/a/peacefull-protest-against-military-coup-/5781769.html
No comments:
Post a Comment