မုံရွာမှာ သေနတ်ကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး တဲ့သတင်းများထွက်ပေါ်နေ

မုံရွာမြို့မှာ ဒီနေ့မနက် ဆန္ဒပြပွဲတွေကို လုံခြုံရေးတွေက အကြမ်းဖက်အင်အားသုံးဖြိုခွင်းခဲ့ပြီး ရိုက်နှက်ပစ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့ရာမှာ အမျိုးသမီးတစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ရတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘီဘီစီက မုံရွာဒေသခံတွေနဲ့ ဆန္ဒပြမှုကနေ ဖြိုခွင်းခံရလို့ တိမ်းရှောင်နေသူတွေထံ ဆက်သွယ်မေးမြန်းတဲ့အခါမှာ သေဆုံးတဲ့သတင်း ကြားသိရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ရဲနဲ့ တပ်က ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖုန်းတွေလည်း ဆက်သွယ်လို့မရဖြစ်နေတဲ့အခြေအနေကြောင့် အခင်းဖြစ်ပွားတဲ့နေရာကအခြေအနေတွေကို ဆက်သွယ်မေးမြန်းစုံစမ်းဖို့အခက်အခဲတွေရှိနေပါတယ်။

သေဆုံးသူဟာ ဆရာဝန်တစ်ဦးလို့လည်းပြောသလို ပညာရေးဌာနဘက်က ဒေါက်တာဘွဲ့ရတစ်ဦးလို့လည်းပြောနေကြပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

"အမျိုးသမီးတစ်ဦး ဆီးခုံကိုပစ်ခံရပြီး သွေးထွက်လွန်ဆုံးတယ်လို့ ကြားရပါတယ်။ ကျွန်မတို့လည်း အခုထိ ပိတ်မိနေတုန်းမို့ အခြေအနေကို သေချာမသိရသေးပါဘူး။ အခု ရဲတွေ ဖမ်းသွားတဲ့အထဲမှာ CDM လုပ်နေတဲ့ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေ ဝန်ထမ်းတွေအများကြီးပါပါတယ်။ ကျွန်မတို့သူငယ်ချင်းတွေလည်းအများကြီးဖမ်းသွားပါတယ်။ အချုပ်ကားတွေလည်းအများကြီးပါပဲ။ မျက်ရည်ယိုဗုံးတွေကို သူတို့က ဟွန်ဒါဖစ်နှစ်စီးနဲ့ကိုသယ်လာတာ။ ပြီးတော့ ရဲတွေက အရပ်ဝတ်တွေလည်းဝတ်ထားတယ်။ ဆန္ဒပြသူတွေကိုလည်း စနိုက်ပါတွေနဲ့ ချိန်ထားတယ်။ မုံရွာ စီးပွားရေးဘဏ်အပေါ်ကနေလည်း စနိုက်ပါတွေနဲ့ချိန်ထားတယ်။ ခုထိ ကျွန်မတို့ ပုန်းနေရတုန်း" လို့ ပညာရေးဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မုံရွာမှာ မနက်က သပိတ်စုရပ်တစ်ခုဖြစ်တဲ့ မုံရွာ ပြာသာဒ်ကျောင်းရှေ့မှာ ကျောင်းသားတွေလည်း ဖမ်းဆီးခံထားရသလို သပိတ်ကိုလည်း အင်အားအများအပြားသုံးပြီး ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ မုံရွာမှာ နေအိမ်တွေထဲအထိ ရဲနဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ရဲတွေဖမ်းခေါ်လာတဲ့ အမျိုးသားတစ်ဦးကို အရပ်ဝတ်တစ်ဦးက လက်သီးနဲ့ ထိုးတဲ့ ဗီဒီယိုဖိုင်တွေလည်း ပျံ့နှံ့နေသလို အဲဒီနေအိမ်ထဲကနေပဲ နောက်ထပ် အမျိုးသမီးတစ်ဦးကို ဆွဲထုတ်ဖမ်းဆီးလာတာကိုလည်းတွေ့ခဲ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မုံရွာမှာ သေနတ်ကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး တဲ့သတင်းများထွက်ပေါ်နေ  မုံရွာမှာ သေနတ်ကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး တဲ့သတင်းများထွက်ပေါ်နေ Reviewed by THITHTOOLWIN on 18:20 Rating: 5

No comments:

Powered by Blogger.