ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒုဥက္ကဋ္ဌကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မနဲ့ အမှုဖွင့်ခွင့်မရ

ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒုဥက္ကဋ္ဌကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မနဲ့ အမှုဖွင့်ခွင့်မရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီကို တွေ့ရစဉ် / Photo: Khin Yi Facebook

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီကို ကိုဗစ်ကာလအတွင်း ပါတီစည်းရုံးရေး လုပ်ဆောင်ခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့ အရေးယူပေးဖို့ ဆိပ်ကြီးခနောင်တို ရဲစခန်းမှာ ဦးမောင်မောင်စိန်ဆိုသူက ဒီနေ့ သွားရောက်အမှု ဖွင့်ခဲ့ပေမယ့် အမှုဖွင့်ခွင့် မရခဲ့ပါဘူး။

အမှုသွားရောက်ဖွင့်သူ ဦးမောင်မောင်စိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပါတီဝင် ဖြစ်ပါတယ်။

ဒီလိုအမှုက အရပ်သားအနေနဲ့ ဖွင့်လို့မရတာကြောင့် အထက်ကို တင်ပြသွားဖို့ရှိတယ်လို့ ဆိပ်ကြီးခနောင်တို ရဲစခန်း မြို့နယ်မှုး ဦးခင်မောင်က RFA ကို ပြောပါတယ်။

ဆိပ်ကြီးခနောင်တို လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေကတော့ သဘာဝဘေးစီမံဥပဒေမှာ အရပ်သားတွေ အမှုဖွင့်ခွင့်မရှိဘူးလို့ မပါကြောင်း ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုတော့ ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲထားပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်က နေအိမ်ရှေ့မှာ ကားဆိုင်ကယ်တွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်တဲ့သူတွေကို နှုတ်ဆက်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရယ် စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။

ကိုဗစ်စည်းကမ်း ဥပဒေနဲ့ ငြိစွန်းလို့ တရားစွဲဆိုတာဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် တရားရုံးသတင်း ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိ က သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားမဝင် တင်သွင်းအသုံးပြုတဲ့ စကားပြော စက်တွေကို ရှာဖွေတွေ့ရှိခဲ့လို့ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့လည်း အတိုင်ပင်ခံက တရားစွဲခံထားရပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုလည်း ကပ်ရောဂါကာလ လိုက်နာရမယ့် စည်းကမ်းချက် အမိန့်တွေကို ချိုးဖောက်တယ်ဆိုပြီး ရဲမှူးမြင့်နိုင်ဆိုသူက တရားလိုလုပ်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅နဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အမှုဖွင့်ထားပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/khinye-usdp-02182021050639.html

ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒုဥက္ကဋ္ဌကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မနဲ့ အမှုဖွင့်ခွင့်မရ  ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒုဥက္ကဋ္ဌကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မနဲ့ အမှုဖွင့်ခွင့်မရ Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.