အာဏာသိမ်းစစ်အစိုးရက လူငါးယောက်ထက်ပိုမစုရလို့ အမိန့်ထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံအနှံ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာနေပါတယ်။ မြို့ကြီးတွေ မှာတော့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူတွေ သိန်းချီရှိနေပါတယ်။
တပ်မတော်အာဏာသိမ်းတဲ့ ၁၁ ရက်မြောက်ဖြစ်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့တွင်းက မြို့တော်ခန်းမရှေ့၊ လှည်း တန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေ နေရာ သုံးခုလုံးမှာ သိန်းချီရှီနေပါတယ်။ အဲဒီနေရာတွေအပြင် ရန်ကုန်မြို့အနှံ့ မြို့နယ်အသီးသီးမှာလည်း ဆန္ဒပြသူတွေ အဖွဲ့တွေ ခွဲပြီး အများအပြားရှိနေပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ အလွှာပေါင်းစုံက ပြည်သူတွေဟာ မတူကွဲပြား တဲ့လှုပ်ရှားမှုတွေနဲ့ ဆန္ဒပြလာတာကို တွေ့ရပါတယ်။
မနက်ပိုင်း ၉ နာရီလောက်က ဗဟိုဘဏ်ဝန်ထမ်းတွေ ရုံးတက်အလုပ်လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာတဲ့အတွက် ဗဟိုဘဏ်ရှေ့မှာ ရန်ကင်းမြို့နယ် ပြည်သူ ၂၀၀၀ နီးပါးလောက် ဆန္ဒပြကန့်ကွက်ခဲ့ကြပါ တယ်။
ဆန္ဒပြသူတွေဟာ ဗဟိုဘဏ်ဝန်ထမ်းတွေအနေနဲ့ စစ်အာဏာရှင်ကို ရှုံ့ချတဲ့အနေနဲ့ ရုံးမတက်ဘဲ CDM လုပ်ဖို့ တိုက်တွန်း ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးက ဗဟိုဘဏ်ရှေ့ဆန္ဒပြချိန်မှာ အုပ်ချုပ်ရေးပိုင်း က လာရောက်တားမြစ်တာတွေရှိတယ်လို့ ပြောပါတယ်။
ဘဏ်ဝန်ထမ်းတွေကို အထက်အရာရှိတွေက CDM မလုပ်ဖို့ ဖိအားပေးတာတွေရှိနေတယ်လို့ ပြောပါတယ်။ ညနေ ၃ နာရီ ရုံးဆင်းခါးနီးချိန်မှာလည်း လာရောက်ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ RFA ရဲ့တွေ့ရှိချက်အရ ဘဏ်ဝန်ထမ်းတွေကလည်း ပါဝင်ချင်ကြောင်း ဒီနေ့ရုံးတက်ရတဲ့ ဘဏ်ဝန်ထမ်းတွေကလည်း အာဏာရှင်ဆန့် ကျင်တဲ့သင်္ကေတ လက်သုံးချောင်းထောင်ပြတာကို တွေ့ခဲ့ရပါတယ်။
အုပ်ချုပ်ရေးပိုင်းကတော့ အခုလို ဗဟိုဘဏ်ရှေ့ဆန္ဒပြတာဟာ ဝတ္တရားနှောင့်ယှက်မှု ဖြစ်နေတယ်လို့ ပြောပါတယ်။
Myanmar Plaza ရှေ့မှာတော့ ဆန္ဒပြသူ လူငယ်တွေ စုဖွဲ့ပြီး သရုပ်ပြကွက်အမျိုးမျိုး ဆန္ဒပြနေကြပါတယ်။
မန္တလေးမြို့မှာလည်း ဒီကနေ့ဆန္ဒပြပွဲဟာ အရင်ရက်တွေထက် လူပိုများလာသလို လူဦးရေသိန်းချီရှိပါတယ်။ အဖွဲ့အစည်လည်း ပိုမိုစုံလင်လာတာကို တွေ့ရပါတယ်။ ကချင်၊ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူငယ်တွေ၊ ရေကြောင်းပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ဌာနဆိုင်ရာတွေ ပါဝင်ပါတယ်။ ဆန္ဒပြသူတွေက လမ်းမကြီးတွေအပြင် အတွင်းလမ်းတွေအထိပါ ဝင်ရောက်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်ခဲ့ ကြပါတယ်။ တပ်မတော်သားတွေက မန္တလေးမြို့ ၇၃ လမ်းနဲ့ ၃၈ လမ်း၊ မဟာမြတ်မုနိဘုရားကြီးအနီး ပတ်ဝန်း ကျင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့တွင်းနေရာတချို့မှာ လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။ တချို့ နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက တပ်မတော်သားတွေနဲ့အတူ လုံခြုံရေးယူထားပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူ သိန်းချီရှိခဲ့ပါတယ်။ အာဏာ သိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ပုသိမ်မြို့က သစ်တော၊ လျှပ်စစ်၊ မြန်မာ့မီးရထား၊ ဆရာ၊ ဆရာမစတဲ့ ဝန်ထမ်းတွေ သီလရှင်တွေ ဒီနေ့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ပုသိမ်မြို့မှာတော့ ဒီနေ့မနက်ကအထိ မြို့တွင်းမှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတာကို တွေ့ရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာလည်း စစ်အာဏာရှင်အလိုမရှိကြောင်း ဒီနေ့ဆန္ဒပြရာမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေးတွေ၊ သစ်တောဝန်ထမ်းတွေ ပါဝင်လာပါတယ်။ အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဒေသခံ တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီနေ့မနက်က ဆန္ဒပြပွဲမှာ လူဦးသိန်းဂဏန်းလောက်အထိ ပါဝင်ခဲ့ပါတယ်။ အရင် ရက်တွေကတော့ လားရှိုးတက္ကသိုလ်ရှေ့မှာပဲ ထိုင်သပိတ်ဆင်နွှဲတာကနေ ဒီကနေ့မှာတော့ တက္ကသိုလ်ရှေ့ ကနေ မြို့တော်ခန်းမအထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ပြီး အရင်ရက်တွေကထက် လူအင်အားပိုများ လာတာကို တွေ့ရပါတယ်။
ကရင်ပြည်နယ်မှာလည်း ဆန္ဒပြမှုတွေ ပိုမိုကျယ်ပြန့်လာပါတယ်။ ကရင်ပြည်နယ်က မြို့နယ် ၇ ခုထဲမှာ ဖာပွန်မြို့နယ်ကလွဲပြီး ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ သံတောင်ကြီးမြို့နယ် တွေမှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြတာတွေရှိနေပါတယ်။ အဲဒီထဲမှာ ဘားအံမြို့မှာ လူအင်အား သောင်းပေါင်းများစွာ အဖွဲ့တွေခွဲပြီး ဆန္ဒပြခဲ့ပါတယ်။
ဘားအံမြို့က အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနက ဝန်ထမ်း ၁၁ ဦးလည်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာ ဒီနေ့စတင်ပါဝင်လာတာကိုတွေ့ရပါတယ်။ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ကရင်ပြည်နယ် က ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသား ၁၁ ဦးထက်မနည်း ပြီးခဲ့တဲ့ရက်တွေက ဖမ်းဆီးခံခဲ့ရပါတယ်။ ဆန္ဒပြသူတွေက ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘားအံမြို့တွင်း လမ်းတချို့မှာ တော့ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတာကိုတွေ့ရပါတယ်။
မြို့နယ် ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာတော့ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မြို့နယ်အားလုံးမှာ ရှိနေပါတယ်။ မော်လမြိုင်မြို့မှာတော့ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ သိန်းချီရှိနေပါတယ်။ မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားတွေပါတဲ့ မော်လမြုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်တဲ့ စစ်ကြောင်းတွေ ဌာနဆိုင်ရာတွေ ပြည်သူတွေပူးပေါင်းပြီး ဆန္ဒပြခဲ့တာပါ။ နေပြည်တော်မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လိုက် တာကြောင့် ဦးခေါင်းကို ထိမှန်ခဲ့တဲ့ မသွဲ့သွဲ့ခိုင်အတွက်လည်း ဆန္ဒပြသူတွေက ၁ မိနစ် ငြိမ်သက်ဆုတောင်း ပေးခဲ့ပြီးနောက် လူစုခွဲခဲ့ကြပါတယ်။ ဒီနေ့ ဆန္ဒပြပွဲမှာ သစ်တော၊ လျှပ်စစ်၊ မီးရထား စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဒေသခံတွေ သုံးသောင်းလောက်ဟာ အာဏာသိမ်းမှု ဆန့်ကျင် ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ လွိုင်ကော်မြို့က ဆန္ဒပြပွဲကို ကယားပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်အသီး သီးက ဒေသခံတွေ လာရောက်ပူးပေါင်းခဲ့ပါတယ်။ အဲဒီထဲမှာ ဒီမော့ဆိုမြို့နယ်ကနေ လာရောက်သူတချို့ ဆန္ဒပြပွဲအပြီး ပြန်သွားချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံလိုက်ရပါတယ်။ ဒါကြောင့် ဒေသခံတွေက ဖမ်းဆီး ထားသူတွေကို ပြန်လွှတ်ပေးဖို့ ဒီမော့ဆိုမြို့နယ် ရဲစခန်းရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ချင်းပြည်နယ်က မြို့နယ် ၉ ခုလုံးမှာလည်း ဒီရက်ပိုင်းအတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒီနေ့မှာတော့ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်နဲ့ တွန်းဇံမြို့တွေမှာ ဒေသခံတွေ မြို့တွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
တနင်္သာရီတိုင်းအတွင်းက မြို့နယ်တွေမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ရှိနေ ပါတယ်။ ထားဝယ်မြို့က ဆန္ဒပြပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးဌာနက ဝန်ထမ်းတစ်ဦး ပူးပေါင်းပါဝင်လာပြီး ပညာရေး၊ ကျန်းမာရေးဝန်ထမ်းတွေက CDM လှုပ်ရှားမှုပုံစံနဲ့ ဆန္ဒပြနေပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုအနေနဲ့ မုံရွာဘူတာရှေ့မှာ ယာယီထိုင်သပိတ်လုပ်ခဲ့ပါတယ်။ "မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ" ရဲ့ ပင်မစစ်ကြောင်းမှာ မြန်မာ့စီးပွားရေးဘဏ်၊ ဆည်မြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်/ကုသရေးဌာန၊ သစ်တော၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ စတဲ့ အစိုးရဌာန ဆိုင်ရာတွေ၊ စီနိုပေပေါက်ကုမ္ပဏီ၊ ယန်စီကုမ္ပဏီနဲ့ LGBT အဖွဲ့တွေအပါအဝင် ဒေသခံပြည်သူတွေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလားသလို ဦးဆောင်သူ တွေကိုလည်း တပ်မတော်က ဖမ်းဆီးအရေးယူတာတွေ ရှိလာနေပါတယ်။ ဆန္ဒပြသူတွေကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
RFA Burmese
စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာ၊ မြို့ကြီးတွေမှာ ဆန္ဒပြသူ သိန်းချီရှိနေ
Reviewed by THITHTOOLWIN
on
22:51
Rating:
No comments:
Post a Comment