စစ်အာဏာဆန့်ကျင်ရေး နိုင်ငံအဝှမ်းဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်း

လက်ဖြစ် အကာဒိုင်းတွေနဲ့ ရန်ကုန်က ဆန္ဒပြနေကြသူများ။ (ဖေဖေါ်ဝါရီ ၂၇၊၂၀၂၁)

မြန်မာနိုင်ငံတွင်း မြို့အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီ တောင်းဆိုတဲ့ ဒီကနေ့ဆန္ဒပြပွဲတွေကို တုတ်ကိုင်၊ သေနတ်ကိုင် ရဲတွေ၊ အရပ်ဝတ်တွေက အင်အားအလုံးအရင်းနဲ့ ပစ်ခတ် ရိုက်နှက် ဖမ်းဆီး ဖြိုခွဲခဲ့ပါတယ်။

ရဲတွေဟာ ဘယ်လို ထိန်းချုပ် ကန့်သတ်မှုမှမရှိဘဲ အတင်းဝင်ရောက် ရိုက်နှက်ပြီးတော့ ဖမ်းဆီးတာတွေ၊ ဆန္ဒပြသူတွေ ပြေးဝင်ခိုလှုံတဲ့ နေအိမ်တွေထဲထိဝင်ပြီး လေးဂွနဲ့ပစ်ဖမ်းတာ၊ အိမ်ထဲထိဝင်လာလို့ အော်ဟစ်တားဆီးပြီး ဗီဒီယိုရိုက်တဲ့ အိမ်ရှင်ကိုပါ လေးဂွနဲ့ လှမ်းပစ်တာတွေကို ဗွီအိုအေက လက်ခံရရှိတဲ့ ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

မုံရွာမြို့မှာ အပြင်းအထန်ဖြိုခွဲခံရပြီး ဈေးသည်အမျိုးသမီးတစ်ဦးကို ဆံပင်ဆွဲ၊ ပါးရိုက်၊ အတင်းရိုက်နှက်ပြီးတော့ ဖမ်းဆွဲခေါ်သွားတာကိုလည်း ဗီဒီယိုထဲမှာတွေ့ရပါတယ်။ ဝင်ရိုက်တဲ့ထဲမှာ ရဲတွေတင်မဟုတ်ဘဲ အရပ်ဝတ်နဲ့ လူတွေကိုလည်းတွေ့ရပါတယ်။ အဲဒီအမျိုးသမီးဟာ အချဉ်ပေါင်းရောင်းသူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ရက်က ဆန္ဒပြသူတွေကို သူရောင်းတာတွေ ကျွေးခဲ့တဲ့သူဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ရေးနေကြတာတွေ့ရပါတယ်။

မုံရွာက နောက်တစ်နေရာမှာလည်း ရဲအင်အားအများအပြား ဆန္ဒပြသူတွေနောက်ကို လိုက်ဖမ်းတာမှာ အရပ်ဝတ်တွေလည်းပါတာကို ဒေသခံတစ်ဦးက ဗွီအိုအေကို ပေးပို့ထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

လူမှုကွန်ယက်မှာပျံ့နေတဲ့ ဓာတ်ပုံတစ်ပုံမှာဆိုရင် အမျိုးသမီးတစ်ဦးကို အမျိုးသား ရဲနှစ်ယောက်က လက်မောင်းတဘက်စီကနေကိုင်ပြီး ဆွဲခေါ်သွားတဲ့အချိန် ဘေးနားမှာ ဆေးပစ္စည်းတွေနဲ့အတူ ထိုင်နေတဲ့ ပရဟိတ ကျန်းမာရေးလုပ်သား အမျိုးသမီးတစ်ဦးကို နောက်ရဲတစ်ယောက်က သေနတ်နဲ့ တည့်တည့်ချိန်ထားတာ တွေ့ရပါတယ်။

မုံရွာပစ်ခတ်မှုအတွင်း အမျိုးသမီးဆရာဝန်တစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး အရေးပေါ်ကုသဆောင်မှာ ကုသပေးနေရတယ်လို့ သတင်းရင်းမြစ်တွေက ဗွီအိုအေကိုပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်း ရန်ကုန်မြို့၊ မြေနီကုန်းအရပ်မှာ စုဝေးပြီး စထွက်ဖို့ ပြင်နေချိန်မှာပဲ ရဲအင်အားအလုံးအရင်းနဲ့ ပစ်ခတ် ဖြိုခွဲခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ သတင်းထောက်တစ်ဦးအပါအဝင် ၇ ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ အဲဒီမှာရှိနေခဲ့တဲ့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။

ထားဝယ်နဲ့ မြိတ်မြို့တွေမှာလည်း အလားတူ ပစ်ခတ် ဖြိုခွဲတာတွေရှိခဲ့ပြီး ဆန္ဒပြသူ ၆ ဦးထက်မနည်း ဒဏ်ရာရပြီးတော့ ၇ ဦးထက်မနည်း အဖမ်းခံရတယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။ မျက်ရည်ယိုဗုံးတွေ ပစ်တာကြောင့် ထွက်လာတဲ့ မီးခိုးလုံးတွေကိုလည်း တွေ့ရပါတယ်။

အဲဒီလို ပစ်ခတ်ဖြိုခွဲခံရတဲ့ကြားမှာပဲ ဆန္ဒပြသူတွေဟာ အင်အားပြန်စုပြီး ရဲတွေရှိနေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းကနေ ကြွေးကျော်သံတွေအော်ဟစ်၊ သီချင်းတွေသီဆိုပြီး ဆန္ဒပြကြတာပါပဲ။

မန္တလေးမြို့မှာတော့ သံဃာတော်တွေက ထိုင်သပိတ်လုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမှာလည်း အကြမ်းဖက်ဖြိုခွဲတာတွေရှိခဲ့တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

မြို့အသီးသီးမှာ ဖမ်းဆီးခံရသူ ရာပေါင်းများစွာရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အရေအတွက် အတိအကျကို မသိရသေးသလို ဖမ်းခံထားရသူတွေရဲ့ အခြေအနေကိုလည်း မသိရပါဘူး။ ရန်ကုန် အင်းစိန်ထောင်ထဲကို စစ်ကားငါးစီးနဲ့အတူ ဖမ်းထားသူတွေ အပြည့်တင်ထားတဲ့ အချုပ်ကား ၁၀ စီး ဒီညနေပိုင်းမှာ မောင်းဝင်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေနဲ့အတူ လူမှုကွန်ယက်ပေါ်မှာ တင်ထားပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတော့ #MilkTeaAlliance ဆိုတဲ့ hasgtag နဲ့အတူ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့အတူ ဟောင်ကောင်၊ တိုင်ဝမ်၊ အိန္ဒိယနိုင်ငံတို့မှာ ဆန္ဒပြပွဲကြီးတွေ ဆင်နွှဲကြဖို့ နှိုးဆော်ထားကြပါတယ်။ 


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/coup-nation-wide-riot-protest-crash-down-myanmar-what-happening-/5795129.html

စစ်အာဏာဆန့်ကျင်ရေး နိုင်ငံအဝှမ်းဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်း စစ်အာဏာဆန့်ကျင်ရေး နိုင်ငံအဝှမ်းဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်း Reviewed by THITHTOOLWIN on 19:32 Rating: 5

No comments:

Powered by Blogger.