မြန်မာပြည်တွင်း အခြေအနေ အနီးကပ် စောင့်ကြည့်ခွင့် လူ့အခွင့်အရေး ကောင်စီ တောင်းဆိုလာဖွယ်ရှိ


မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ရှုတ်ချတဲ့ဆုံးဖြတ်ချက်တစ်စောင် မနက်ဖြန်သောကြာနေ့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်လာဖို့ ရှိပါတယ်။

လူ့အခွင့်အရေးကောင်စီထံ ဗြိတိန်နဲ့အီးယူတို့ မူကြမ်းရေးဆွဲ တင်သွင်းထားတဲ့အပေါ် အဖွဲ့၀င်နိုင်ငံတွေ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အဲဒီမူကြမ်းထဲ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ဆန်းစစ်ခွင့် ချက်ခြင်းပေးဖို့ တောင်းဆိုထားပါတယ်။


အာဏာသိမ်းစစ်တပ်ဟာ တရုတ်၊ရုရှားတို့နဲ့ နီးစပ်မှုရှိတယ်ဆိုပြီး အနောက်အုပ်စုက ရှုမြင်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်ညီလာခံမှာလည်း တရုတ်၊ရုရှားတို့ရဲ့ ကန့်ကွက်မှုတွေနဲ့ ကြေညာချက် ချက်ခြင်းထွက်မလာနိုင် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း စစ်အာဏာသိမ်းမှုအပေါ် အလွန်စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာနိုင်ခဲ့ပြီး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ချက်ခြင်းပြန်လွှတ်ဖို့၊ ညှိနှိုင်းဆွေးနွေးကြဖို့ တောင်းဆိုထားပါတယ်။

ပြည်တွင်းမှာတော့ လူထုရဲ့အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ လူတွေသိန်းချီတဲ့ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ပြသနေပါတယ်။

စစ်အာဏာပိုင်တွေဘက်ကလည်း ပစ်ခတ်ဖြိုခွဲတာမျိုး နေပြည်တော်နဲ့ မန္တလေးတို့မှာ ပြုလုပ်လာပြီး၊ လှုပ်ရှားတက်ကြွသူတွေ အဖမ်းခံရတာမျိုးတွေ ရှိလာနေပြီဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မြန်မာပြည်တွင်း အခြေအနေ အနီးကပ် စောင့်ကြည့်ခွင့် လူ့အခွင့်အရေး ကောင်စီ တောင်းဆိုလာဖွယ်ရှိ  မြန်မာပြည်တွင်း အခြေအနေ အနီးကပ် စောင့်ကြည့်ခွင့် လူ့အခွင့်အရေး ကောင်စီ တောင်းဆိုလာဖွယ်ရှိ Reviewed by THITHTOOLWIN on 10:01 Rating: 5

No comments:

Powered by Blogger.