နေပြည်တော်က လွှတ်တော်အမတ်တွေကို ၂၄ နာရီအတွင်းထွက်ဖို့ ဖိအားပေး


ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်တက်ဖို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ရောက်ရှိနေတဲ့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်အားလုံး ၂၄ နာရီအတွင်း ဧည့်ရိပ်သာကနေ ထွက်ခွာပေးဖို့ အာဏာသိမ်းအစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လာရောက်ဖိအားပေးခဲ့ပါတယ်။

လွှတ်တော်အမတ်အားလုံး နေရပ်ပြန်နိုင်ပြီလို့ စစ်အရာရှိ နှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး ဖေဖော်ဝါရီ ၂ ရက် မနေ့က အသံချဲ့စက်နဲ့ လိုက်ပြီးအသိပေးခဲ့တာကြောင့် ဖေဖော်ဝါရီ ၆ ရက် လာမယ့် စနေနေ့ကျမှ ထွက်ခွာဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်‌တော်အမတ် ခေါင်းဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့်က လာအသိပေးတဲ့ စစ်အရာရှိ နှစ်ဦးနဲ့ ညှိနှိုင်းသဘောတူခဲ့ပါတယ်။

ဒါပေမဲ့ ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ တပ်မတော်အရာရှိတွေ ထပ်ရာက်လာပြီး လွှတ်တော်အမတ် အားလုံး ၂၄ နာရီအတွင်း၊ စည်ပင်ဧည့်ရိပ်သာကနေ ထွက်ခွာဖို့ ဖိအားထပ်ပေးခဲ့တယ်လို့ အဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

၂၄ နာရီအတွင်းထွက်ပေးဖို့ အဖွဲ့ချုပ်ဗဟိုက NLD အမတ်အားလုံးကို စာရင်းလိုက်ကောက်နေတာကြောင့်၊ လက်မှတ်ထိုးပေးပြီးတဲ့နောက်၊ အိမ်က လာကြိုမှာကိုစောင့်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ဒေါ်ဝင်းမြမြ က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန် ကတော့ ငါးနှစ်လုံးလုံး အသုံးပြုဖို့သယ်ယူလာတဲ့ ပစ္စည်းတွေကို တစ်ရက်တည်း သိမ်းဆည်းဖို့ မဖြစ်နိုင်ပေမယ့်လည်း ၂၄ နာရီအတွင်းထွက်ခွာဖို့ ပစ္စည်းသိမ်းနေပြီလို့ ပြောပါတယ်။

အဖွဲ့ချုပ် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း ကတော့ ၂၄ နာရီအတွင်း ထွက်ရမယ်ဆိုရင် ၂၄ နာရီပြည့်တဲ့အထိ စည်ပင်ဧည့်ရိပ်သာထဲမှာ နေသွားမယ်လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း စည်ပင်ဧည့်ရိပ်သာမှာ လွှတ်တော်အမတ် ၁၇ ဦး ရောက်ရှိနေပြီး၊ အဲဒီထဲက ၁၆ ဦး မနေ့ကတည်းက နေရပ်ပြန်သွားကြပြီလို့ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအေး က ပြောပါတယ်။

သူတစ်ဦးတည်း ကျန်နေခဲ့တာကြောင့် ဒီကနေ့ စည်ပင်ဧည့်ရိပ်သာကနေ ထွက်ခွာမယ်လို့ စိုင်းထွန်းအေး က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD နဲ့ တိုင်းရင်းသားပါတီအသီးသီးကနေ တိုင်းနဲ့ ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အတွက် ကိုယ်စားလှယ် စုစုပေါင်း ၁၁၁၇ ဦး အနိုင်ရရှိခဲ့ပြီး၊ အဲဒီအထဲမှာ ပြည်ထောင်စုလွှတ်‌တော် အမတ် ၄၇၆ ဦး ပါဝင်ပါတယ်။

အဲဒီပြည်ထောင်စုလွှတ်တော်အမတ် အားလုံးနီးပါး နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကုန်ပိုင်းကတည်းက ရောက်ရှိနေပြီး၊ အခု လွှတ်‌တော်မတက်ရဘဲ နေရပ်ကိုပြန်ဖို့ ဖိအားပေးခံနေရတာပါ။

အခုနောက်ဆုံး ရရှိတဲ့သတင်းတွေအရ ရာထူးကနေ ဖြုတ်ချဖယ်ရှားခံရတဲ့ NLD အစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေကို နေပြည်တော်ရှိ အစိုးရဝန်ကြီးအိမ်ရာတွေကနေ သုံးရက်အတွင်း ရွေ့ပြောင်းပေးဖို့ အာဏာသိမ်းအစိုးရက အမိန့်ပေးထားပြီး၊ အလွယ်တကူ ပြောင်းရွှေ့နိုင်အောင် ဝန်ကြီး/ဒုဝန်ကြီးအိမ်ရာဝင်း အဝင်အထွက်လမ်းတွေမှာ အတားအဆီးတွေကို လျှော့ချပေးထားတယ်လို့ နေပြည်တော်ရှိ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို သမ္မတအိမ်တော်ကနေ အခြားနေအိမ်တစ်ခုကို ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက စီစဉ်နေတယ်လို့လည်း ဦးကြည်တိုးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာထူးက ဖယ်ရှားခံရတဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် တို့ကိုတော့ နေအိမ်ပြောင်းရွှေ့ဖို့ အခုချိန်ထိ မပြောသေးဘူးလို့ သူက ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် အချို့က NLD ပါတီရုံးတွေကို အာဏာသိမ်းအစိုးရက ချိတ်ပိတ်တာတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ကြေညာချက် ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-force-member-of-parliament-leave-from-naypyitaw-sipin-yetthar-02032021000713.html

နေပြည်တော်က လွှတ်တော်အမတ်တွေကို ၂၄ နာရီအတွင်းထွက်ဖို့ ဖိအားပေး  နေပြည်တော်က လွှတ်တော်အမတ်တွေကို ၂၄ နာရီအတွင်းထွက်ဖို့ ဖိအားပေး Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.