ရန်ကုန် ထိုင်းနဲ့ အင်ဒို သံရုံးရှေ့ ဆန္ဒပြသူတွေ စုဝေး

ရန်ကုန်မြို့အင်ဒိုနီးရှားသံရုံးရှေ့က ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့နဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဒီကနေ့ ထိုင်းနိုင်ငံမှာရောက်နေချိန်မှာပဲ ရန်ကုန်မြို့က ထိုင်းနဲ့ အင်ဒိုနီးရှားသံရုံးတွေရှေ့မှာ ဆန္ဒပြသူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်းစစ်တပ်ကို အားမပေးသင့်တော့ဘူးလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

"ညီမတို့ ထိုင်းသံရုံးရှေ့ ရောက်နေရတဲ့ အကြောင်းအရင်းက ညီမတို့ နိုင်ငံက မသတ်မှတ်ထားတဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံကို သွားရောက်ပြီးတော့ အင်ဒိုနီးရှားက သံအမတ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့သူက ရှိတယ်ပေါ့နော်။ ဒါမျိုးကို ကြားတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ဒါမျိုးကို လက်ခံအားပေးမလုပ်သင့်ပါဘူး။ သူ့အနေနဲ့လည်း စစ်တပ်ကို အားပေးတာတွေ မလုပ်သင့်တော့ပါဘူးဆိုတာ ညီမတို့က ထိုင်းသံရုံးရှေ့မှာ မြန်မာကျောင်းသားတွေအနေနဲ့ လာရောက်ဖော်ထုတ်နေတာဖြစ်ပါတယ်။"

ထိုင်းသံရုံးရှေ့ဆန္ဒပြသူတွေဟာ "မိမိတို့ရဲ့ဆန္ဒမဲတွေကို လေးစားပါ၊ စစ်အာဏာသိမ်းမှုကို မထောက်ခံပါနဲ့၊ မြန်မာနိုင်ငံ တရားမ ျှတမှုရရှိရေး" လို့ အဓိပ္ပါယ်ရမယ့် ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ရေးထားတဲ့ ကဒ်ပြားတွေကို ကိုင်ပြီး ဆန္ဒပြတောင်းဆိုကြပါတယ်။

အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြသူတွေထဲမှာတော့ "ရွေးကောက်ပွဲ ပြန်လုပ်ဖို့မလိုဘူး၊ မိမိတို့ရဲ့ဆန္ဒမဲတွေကို လေးစားပါ။" ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာတမ်းတွေကိုကိုင်ပြီး ဆန္ဒပြကြသူတွေလည်း ပါဝင်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က "လက်မောင်းပေါ်မှာ သွေးအမျိုးအစားရေးပြီး နေ့တစ်နေ့စတင်ရမယ်လို့ ဘယ်သူက တွေးဖူးမှာလဲ၊ မနေ့က ဆန္ဒပြ ပြည်သူများကတော့ လက်တွေ့လုပ်ခဲ့ရပါပြီ။ စစ်အုပ်စုကခြိမ်းခြောက်လို့ မတွေးဖူးတာတွေ လုပ်နေရပြီ။ ပြည်သူတွေက တွေဝေခြင်းအလျဉ်းမရှိပါဘူး။ ပြင်ဆင်ကြတယ်၊ ကူညီကြတယ်၊ ဒါကြောင့် ပြည်သူရဲ့ သတ္တိနဲ့အင်အားက တစ်နေ့တော့ အရာထင်လာမှာ မလွဲမသွေပါပဲ" လို့ ဒီကနေ့ မြန်မာစံတော်ချိန် နံနက်အစောပိုင်းက Twitter မှာရေးခဲ့ပါတယ်။

၂ ငါးလုံးကို အထိမ်းအမှတ်ပြုပြီး ၂၂ ရက်၊ ၂ လ၊ ၂၀၂၁ ခုနှစ် တနင်္လာနေ့က တနိုင်ငံလုံး ဆန္ဒပြပွဲတွေမှာ ပါဝင်သူတချို့ ကိုယ့်ရဲ့လက်ဖျံမှာ ကိုယ့်သွေးအမျိုးအစား၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် စတာတွေရေးထားခဲ့ကြတာကို Tom Andrews က ရည်ညွှန်းတာပါ။

ဒီကနေ့ ရန်ကုန်မြို့မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဝေးပြီးတော့ ထပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်လာတာ နှစ် ၇၀ ကျော်ခဲ့ပြီလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ တိုင်းရင်းသူတစ်ဦးကပြောပါတယ်။

"အခုမှ တိုက်ခဲ့တာမဟုတ်ဘူး။ ဘယ်လောက်ထိ ရှည်ကြာဦးမလဲဆိုလို့ရှိရင် ကျမတို့ရဲ့ လူမျိုးစုတွေအတွက် အရေးကြီးတဲ့၊ ဒီနိုင်ငံအတွက် အရေးကြီးတဲ့ Federal မူဝါဒတွေ မရမခြင်း တိုင်းရင်းသားတွေရဲ့ ပြောရေးဆိုခွင့်တွေ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်မူဟန်တွေ ဖော်ထုတ်ခွင့် မရသေးသရွေ့ ကျမတို့ကဆက်တိုက်ရမှာ ဖြစ်တယ်လို့ ထင်ပါတယ်ရှင့်။"

ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြချီတက်ပွဲတွေမှာ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတွေအဖြစ် ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြသူတွေပါဝင်သလို ဟောင်ကောင်က ထီးဆောင်းဆန္ဒပြပွဲတွေကို နမူနာယူထားတဲ့ ထီးလှုပ်ရှားမှုဆိုပြီး ထီးတွေမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ကြွေးကျော်သံတွေရေးပြီးတော့ ဆန္ဒပြသူတွေလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆန္ဒပြပွဲတွေအတွင်း ပစ်ခတ်နှိမ်နင်းတာတွေ၊ ဖမ်းဆီးတာတွေရှိခဲ့တဲ့ နေပြည်တော်မှာ ထောင်နဲ့ချီတဲ့လူတွေ ဒီကနေ့ဆန္ဒပြခဲ့ကြပြီး နှိမ်နင်း ဖမ်းဆီးတဲ့သတင်းတွေတော့ မရပါဘူး။

မန္တလေး၊ အုံးချောအရပ်က ဆန္ဒပြပွဲမှာတော့ ချီတက်သူတွေရဲ့ ရှေ့ဆုံးမှာ ဆင်ခုနစ်ကောင်ကို စီးထားသူတွေပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပစ်ခတ်ဖြိုခွဲတာကြောင့် လူသေဆုံးခဲ့တဲ့ မန္တလေးမြို့မှာ ဒီကနေ့ ရဲတွေက ပိတ်ဆို့တားဆီးတာမျိုး ရှိခဲ့ပေမဲ့လည်း ရုန်းရင်းဆန်ခတ်ဖြစ်တဲ့သတင်းမျိုးတော့ မရပါဘူး။

ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဆန္ဒပြသူအများအပြား ပါဝင်ခဲ့တဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့က ဒီကနေ့ ဆန္ဒပြပွဲမှာလည်း လူအများအပြားပါဝင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေကို စစ်ကောင်စီက သတိပေးပြောဆိုထားပြီး စစ်တပ်နဲ့ ရဲ အင်အားအများအပြားကို ချထားတဲ့ကြားမှာပဲ ကန့်ကွက်ဆန္ဒပြတောင်းဆိုပွဲတွေ သီတင်းသုံးပတ်ကျော် ရှိလာနေပြီဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/military-coup-protest-infront-of-thai-and-indo-embassy-yangon/5790829.html

ရန်ကုန် ထိုင်းနဲ့ အင်ဒို သံရုံးရှေ့ ဆန္ဒပြသူတွေ စုဝေး ရန်ကုန် ထိုင်းနဲ့ အင်ဒို သံရုံးရှေ့ ဆန္ဒပြသူတွေ စုဝေး Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.