နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မတွေကို မြန်မာစစ်တပ် ပြင်ဆင်



နိုင်ငံတော် သစ္စာဖောက်မှု ဘယ်အခါ မြောက်သလဲ ဆိုတာသတ်မှတ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ အပါအ၀င်၊ လှုံ့ဆောင်သူတွေကို ဘယ်လို ပြစ်ဒဏ်ချမလဲ ဆိုတဲ့ နောက်ဆက်တွဲ ပုဒ်မတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးပြီး အစားထိုး ပြင်ဆင်လိုက်ပါတယ်။

မြန်မာနိုင်ငံ အပေါ် စစ်မက်ပြုဖို့ ဆော်ဩတာ၊ ပူးပေါင်း ကြံစည်တာ၊ ပြည်တွင်း ပြည်ပနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်း အသုံးပြီး အခြေခံဥပဒေ အရ ခွင့်ပြုထားတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေကို ဖယ်ရှားဖို့ ကြိုးစားတာတွေဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၁၂၄ - က နေရာမှာလည်း အခြေခံ ဥပဒေ နည်းကျ အစိုးရ၊ စစ်တပ်နဲ့ စစ်မှုထမ်းတွေ အပေါ်မလိုမုန်းထား ဖြစ်အောင် ပြုမူပြောဆိုရင်၊ ထောင် ၇ နှစ်ကနေ အနှစ် ၂၀ အထိ ချမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က အစားထိုးပါတယ်။

စစ်တပ်ရဲ့ နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်မှုတွေကို ဖျက်လိုဖျက်စီး လုပ်ရင်လည်း အလားတူ ထောင်ဒဏ် အနှစ် ၂၀ အထိချမယ်လို့ ဆိုပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ အပိုဒ်ခွဲတွေမှာလည်း တာ၀န်ထမ်းနေတဲ့ အရပ်ဘက်၊ စစ်ဘက် ၀န်ထမ်းတွေ အပေါ် မလိုမုန်းထား ဖြစ်အောင် မပြုမူ မပြောဆိုရ၊ တာ၀န်၀တ္တရားတွေကို မနှောင့်ယှက်ရ၊ အများပြည်သူကြား အထိတ်တလန့် ဖြစ်စေမယ့် သတင်းမှားတွေ မဖြန့်ရ ဆိုတာတွေ ရေးထားပါတယ်။

ဒါဟာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ နိုင်ငံတကာထံကနေ၊ အထူးသဖြင့် အမေရိကန်ထံကနေ အကူအညီတောင်းဆိုမှုတွေ၊ သမ္မတ ဂျိုးဘိုင်ဒင်ပုံ ကိုင်ဆောင်တာတွေ တွေ့လာရတဲ့နောက် မြန်မာ အာဏာသိမ်း စစ်တပ် အနေနဲ့ သည်းမခံပဲ အရေးယူ ကိုင်တွယ်မယ့် အကြောင်း ပြလာတာ အဖြစ် ယူဆရပါတယ်။

၀န်ထမ်းတွေရဲ့ အလုပ်မဆင်းရေး သပိတ်ကိုလည်း ဖြိုခွဲနိုင်ဖို့ ဦးဆောင်သူလို့ ယူဆထားတဲ့သူတွေကို ပစ်မှတ်ထားပြီး သန်းခေါင်းယံ လူဖမ်းပွဲတွေ တနိုင်ငံလုံး အနှံ့ ပြုလုပ်နေခဲ့ပါတယ်။


မြစ်ကြီးနားမှာဆိုရင် ပစ်ခတ်ဖြိုခွဲ ခဲ့ပြီ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို၊ သတင်းထောက်တွေ အပါအ၀င် လူတွေ ဖမ်းခံရကြောင်း သတင်းတွေ ကြားသိထားရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56046651

နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မတွေကို မြန်မာစစ်တပ် ပြင်ဆင် နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မတွေကို မြန်မာစစ်တပ် ပြင်ဆင် Reviewed by THITHTOOLWIN on 03:31 Rating: 5

No comments:

Powered by Blogger.