စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ရွှေဝါရောင်သံဃာတွေ ပူးပေါင်းပါဝင်

သံဃာတော်တွေပါဝင်တဲ့ ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင် ဆန္ဒပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ၊ ၂၀၀၇ ခုနှစ်တုန်းက သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ရဟန်းတော်တွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်တွေကို မျက်ခြေမပြတ်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။

ရွှေဝါရောင်လှုပ်ရှားမှုလို့ ပြည်တွင်း၊ ပြည်ပ ထင်ရှင်းခဲ့တဲ့ ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်လာကြတာပါ။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အပါအဝင် နိုင်ငံအဝန်းက လူတန်းစားပေါင်းစုံ ပါဝင်လာတဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ရည်ရွယ်ချက်တွေ မျက်ခြည်မပြတ်ဖို့လည်း ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဆရာတော် ဥူးစန္ဒာသီရိက မိန့်ပါတယ်။

“နိုင်ငံရေး တိုက်ပွဲတခုမှာ နိုင်ငံရေး တောင်းဆိုချက်တွေ နိုင်ငံရေး ကြွေးကြော်သံတွေပဲ ဖြစ်သင့်တယ်လို့ ဦးပဇ္ဇင်းက ယူဆတယ်။ အဲဒီနိုင်ငံရေး တောင်းဆိုချက်၊ ကြွေးကြော်မှုတွေက ဘာတွေဖြစ်နိုင်သလဲဆိုရင် ဦးပဇ္ဇင်းတို့ တိုင်းပြည်မှာ စစ်အာရှင်စနစ် ဖိနှိပ်ထားတဲ့အတွက် စစ်အာဏာရှင်စနစ် လုံးဝကျဆုံးရေး၊ နောက်ပြီး ၂၀၀၈ အခြေခံဥပဒေ လုံးဝဖျက်သိမ်းရေး၊ နောက် ဒီမိုကရေစီ ရရှိရေး၊ ပြည်ထောင်စု ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး အမြန်ဆုံး လွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ တနိုင်ငံလုံးက တောင်းဆိုတယ်ဆိုရင် အောင်ပွဲဟာ မကြာခင်ရမယ်လို့ မျှော်လင့်ပါတယ်။”

အာဏာပိုင်တွေအနေနဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ ပစ်ခတ်တာတွေ မလုပ်ဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

သံဃာတော်တွေဟာ ရန်ကုန်မြို့က ဆန္ဒပြသူတွေ စုဝေးရာ ကုလသမဂ္ဂကိုလည်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ကုလသမဂ္ဂရုံးရှေ့ကို ရောက်နေတဲ့ ရန်ကုန်တိုင်းလွှတ်တော် ဒလမဲဆန္ဒနယ် ကိုယ်စားလှယ်ဖြစ်သလို၊ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဘိုဘိုဦးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ငြိမ်းချမ်းတဲ့ ဓမ္မတရားသာလျှင် အောင်နိုင်ခြင်းမည်ပါလိမ့်မယ်။ ဒါကြောင့် တကယ့်ထေရဝါဒ ဗုဒ္ဓဘာသာဝင် အစစ်တွေ၊ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေဆိုတာ ဓမ္မအကြောင်းကို ကောင်းကောင်း နားလည်ပါတယ်။ သူတို့တွေဟာ ဓမ္မစက်နဲ့ ပြည်သူတွေဘက်ကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။”

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ ကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ဆက်လက်ပေါ်ပေါက်နေတာပါ။ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံးနှိမ်နင်းတာ၊ ဖမ်းဆီးတာတွေ၊ အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်တာတွေလို ကန့်သတ်ချက်တွေလည်း ရှိနေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။


ဇော်ထက်/ VOA Burmese

https://burmese.voanews.com/a/buddhist-monk-march-during-military-coup-protest-in-yangon/5780025.html

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ရွှေဝါရောင်သံဃာတွေ ပူးပေါင်းပါဝင် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ရွှေဝါရောင်သံဃာတွေ ပူးပေါင်းပါဝင် Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.