မြန်မာစစ်အာဏာပိုင်တွေ ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဖို့ နိုင်ငံရေးပါတီတချို့ လက်မခံ


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အသစ်ဖွဲ့လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ဖိတ်ခေါ်ခံရတဲ့ နိုင်ငံရေးပါတီတွေကြားမှာတော့ စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့အတွက် တွေ့မယ့် အစီအစဉ်ကို လက်မခံသူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်သစ်ရဲ့ ဖိတ်ကြားစာထဲမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီး နောက်တနေ့မှာပဲ ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဋ္ဌက ဦးသိန်းစိုးဖြစ်ပါတယ်။ အရင်ကော်မရှင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး၊ အဲဒီ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲအတွင်း မဲစာရင်းမှားတွေ ဖြစ်ခဲ့တယ်လို့ အခု စစ်ကောင်စီက စွပ်စွဲထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ NLD ပါတီကတော့ သူတို့မဲရလဒ်ဟာ တရားမျှတစွာရလာတာဖြစ်သလို အခုလို ပြည်သူဆန္ဒနဲ့လွဲတဲ့ အာဏာသိမ်းမှု ကိုလုပ်ဆောင်တဲ့ စစ်ကောင်စီ ဖွဲ့စည်းတဲ့ ကော်မရှင်နဲ့ တွေ့ဆုံမှာ မဟုတ်ဘူးလို့သန်လျင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုလတ်က ဗွီအို အေကိုပြောပါတယ်။

“ကျနော်တို့ပါတီဘက်က ဒီစစ်အာဏာသိမ်းကောင်စီဘက်ကဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်လုပ်ဆောင်ထားတာဖြစ်တယ်။ စစ်အာဏာရှင်ဘက်ကို အုပ်ချုပ်ရေးအရ လုံးဝအသိအမှတ်မ ပြုဘူး။ စစ်ကောင်စီကနေ အဆင့်ဆင့်ဖွဲ့စည်းလိုက်တဲ့အစိုးရယန္တရားတွေ လက်ရှိဖွဲ့ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အသစ် ကိုလည်း ကျနော်တို့ လက်မခံဘူး။ ပါတီအနေနဲ့ ဒီအစည်းအဝေး မတက်တာအကြောင်းကြားထားပြီးပြီ။ လမ်းမပေါ်ထွက်နေ တဲ့ ပြည်သူတွေဆိုလဲ ဒီအစိုးရရဲ့ အာဏာသိမ်းမှုကို တရားမဝင်ဘူး ဆိုတာ ဆန့်ကျင်တယ်ဆိုတာ တနိုင်ငံလုံးသဘောဆန္ဒဖြစ် နေတယ်။ ဒီတော့ တခြားနိုင်ငံရေးပါတီတွေအေနနဲ့လည်း ပြည်သူ့သဘောဆန္ဒတွေနဲ့ရပ်တည်ပြီးတော့ သူတို့နဲ့ ပူးပေါင်းတာ မလုပ်ဖို့ပန်ကြားလိုတယ်။”

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိတယ်လို့ စွပ်စွဲပြီးနောက် တပ်မတော် က အာဏာသိမ်းမှု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေးပါတီတချို့က ရွေးကောက် ပွဲ ကော်မရှင်အသစ်ရဲ့ တရားဝင်မှုအပေါ် သံသယဝင်သူတွေ ရှိကြပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြည်သူ့ ဆန္ဒနဲ့ အနီးစပ်ဆုံးရပ်တည်ဖို့ ဘဲ ပါတီဘက်က လမ်းစဉ်ချထား တာကြောင့် တွေ့ ဆုံဖို့ကို ငြင်းပယ်ထားတယ်လို့ ပြောပါတယ်။

“ ပြည်သူလူထုက အာဏာသိမ်းမှုကို အကြီးအကျယ် တတိုင်းတပြည်လုံးက ဆန့်ကျင်နေတာဖြစ်တယ်။ အဲလိုအနေအထားမှာ နိုင်ငံရေးပါတီအနေနဲ့ ပြောမယ်ဆိုရင် ပြည်သူဆန္ဒနဲ့ တထပ်ထဲဖြစ်ဖို့လိုတယ်။ တတိုင်းတပြည်လုံးက ပြည်သူလူထုက အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အနေအထားဖြစ်တယ်။ တပြိုင်နက်ထဲမှာဘဲ အာဏာသိမ်းအစိုးရက ခန့်တဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ ဖိတ်တာကျတော့ ကျနော်တို့မှာ စဉ်းစားစရာတော်တော်ရှိပါတယ်။ ကျနော်တို့ပြုမှုဆောင်ရွက်ချက်က ပြည်သူဆန္ဒနဲ့ ဆန့်ကျင်မှာ ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါကြောင့်ကျနော်တို့ မတက်ပါဘူး။”

ကချင်ပြည်သူ့ပါတီ (KSPP) ဒုဥက္ကဌ ဒေါ်ဒွဲဘူကတော့ ပါတီအနေနဲ့ ကော်မရှင်အ သစ်ဘက်က ဘယ်လိုကြောင့်ဖိတ်ကြားသလဲဆိုတာတိတိကျကျ မပြောနိုင်သလို သူတို့ရပ်တည်ချက် ကိုသေချာမသိသေးသလို ဘယ်လိုကြောင့်အခုလို တွေ့ဆုံလဲ ဆိုတာကို သေချာတိကျစွာ သိဖို့လိုအပ်တယ်လို့ ရှုမြင်တာကြောင့် တွေ့ဆုံသွားမယ် လို့ ဆိုပါတယ်။

“ကျမတို့ကတော့ UECမှာ တရားဝင် မှတ်ပုံတင်ထားတော့ ဒီနေ့သွားတက်ဖို့ တယောက်ဆိုတော့ ဒီနေ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ တက်ဖို့ လုပ်ထားပါတယ်။ ပါတီဖျက်သိမ်းထားတာမဟုတ်တာမို့ ကျမတို့တက်ဖို့ တာဝန်ရှိတယ်လို့ ပါတီက မှတ်ယူတယ်။ ပြီးရင် သူတို့ ဘာတွေပြောမယ်ဆိုတာ အခုလောလောဆည် ကျမတို့ မသိရသေးဘူး။ စည်းဝေးခေါ်တာဘဲသိတော့ သူတို့တွေပြောတဲ့ အပေါ်မှာဘဲ မူတည်မှာ ဖြစ်ပါတယ်။ အခုကတော့ UEC ကတော့ ပါတီအနေနဲ့ ဆိုင်မှာပေါ့နော်။ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ကဏ္ဍတခုအနေနဲ့ စဉ်းစားသွားမှာပါ။”

လက်နက်နဲ့ အာဏာသိမ်းတာကိုလက်မခံသလို လက်နက်နဲ့ အာဏာသိမ်းထားသူ တွေရဲ့ လုပ်ဆောင်ချက်တွေကိုလက်မခံတာကြောင့်လက်ရှိ မှာပြည်သူ့သဘော တိုင်းသားရပ်တည်ဖို့ လုပ်မယ်လို့ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီထူးက ပြော ပါတယ်။

“အခုလို အာဏာသိမ်းကောင်စီကနေ သီးခြားပြန်ဖွဲ့ထားတဲ့ ကော်မရှင်န ဲ့ပတ်သတ်လို့ ကျနော်တို့လောလောဆယ် စကား ပြောဖို့ ဆန္ဒမရှိဘူး။နိုင်ငံရေးအရလည်းမရှိဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းတာနဲ့ ပတ်သတ်လို့ ကျနော်တို့ ကန့်ကွက်ထားသလို ကော်မရှင်ဘက်က ကိုင်တွယ်ဖို့ အလားအလာမရှိဘူး လို့ ကျနော်တို့ သုံးသပ်တာပေါ့နော်။ ဆိုတော့ ကျနော်တို့က သွားတက်ဖို့ အစီအစဉ်မရှိပါဘူးခင်ဗျ။”

အစည်းအဝေးကို လာမယ့် သောကြာနေ့ နေပြည်တော်မှာ တက်ရောက်ဖို့ ဖိတ်ကြား ထားတာဖြစ်ပြီး အစည်းအဝေးတက် မတက်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ဆုံးထား အကြောင်းပြန်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

အမြို့မြို့အနယ်နယ်က သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေကတော့ မဲမသမာမှုရှိတယ်ဆိုတဲ့ တပ်မတော် ပြောဆိုချက်ကို လက်မခံသလို စစ်တပ်က အာဏာသိမ်းယူမှုကိုလည်း ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။ သူတို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် အရ ရွေးချယ်တင်မြောက်ထားသူတွေကိုသာ အာဏာပြန်ပေးဖို့နဲ့ ဖမ်းဆီးခံ NLD ခေါင်းဆောင်တွေကို အမြန် ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။


ေမခ/ VOA Burmese

https://burmese.voanews.com/a/most-political-parties-not-coming-the-new-uec-invite/5790620.html

မြန်မာစစ်အာဏာပိုင်တွေ ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဖို့ နိုင်ငံရေးပါတီတချို့ လက်မခံ မြန်မာစစ်အာဏာပိုင်တွေ ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဖို့ နိုင်ငံရေးပါတီတချို့ လက်မခံ Reviewed by THITHTOOLWIN on 10:18 Rating: 5

No comments:

Powered by Blogger.