မြန်မာနိုင်ငံမှာ စစ်အာဏာပိုင်တွေက ဆန္ဒပြလူထုကို ဖြိုခွင်းမှုတွေ လုပ်လာတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက်ထဲမှာ တရားမဝင် အာဏာယူထားတဲ့ အစိုးရကို ဖြုတ်ချဖို့ ဆန္̔ဒပြတောင်းဆိုတာတွေကို စစ်တပ်က အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်း အသီးသီးက တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းတာအပြင် သတင်းသမားတွေကို ခြိမ်းခြောက်မှုတွေ အတွက်ပါ ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ပြောပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဖြတ်တောက်ပစ်တာရော၊ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေအတွက် ပိတ်ပင်ကန့်သတ်မှုတွေကိုလည်း ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရှိဖို့ လိုလားတောင့်တနေကြတဲ့ မြန်မာလူထုကို ထောက်ခံကြောင်း ကနေဒါ၊ အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံမှာ သံရုံးထားရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒိန်းမတ်၊ ချက်ပြည်သူ့ သမ္မတနို်င်ငံ၊ ဖင်လန် ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် သံချပ်ကာ ကားတွေနဲ့ စစ်ကားအများအပြား ရန်ကုန်ကို ဝင်ရောက်လာတဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာခဲ့ပြီးတဲ့ နောက်မှာ ရန်ကုန် အမေရိကန်သံရုံးက မြန်မာပြည်သူတွေ လုံခြုံတဲ့ နေရာမှာပဲ နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် အာရုံတက် ၁ နာရီကနေ မနက် ၉ နာရီအတွင်း တယ်လီဖုန်း အဆက်အသွယ်တွေ အဖြတ်ခံရနိုင်ခြေရှိတယ်လို့ သတိပေးလိုက်ကြောင်းလည်း ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။
VOA Burmese
https://burmese.voanews.com/a/embassies-in-burma-concern-violent-crack-down/5778489.html
No comments:
Post a Comment