နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်ဘက်အရာရှိတွေကို ဖမ်းဆီးတာအပါအဝင် နိုင်ငံဒီမိုကရေစီအသွင် ကူးပြောင်းရေး ပျက်ပြားစေဖို့ မြန်မာစစ်တပ်က လုပ်ဆောင်နေတဲ့ သတင်းတွေ ကြားသိရတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ Jen Psaki ဂျန်ဆာကီက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်ကို နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က ရှင်းပြခဲ့ပြီး ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အဖွဲ့အစည်းများကို မိမိတို့ အခိုင်အမာ ထောက်ခံနေတယ်လို့လည်း အတည်ပြု ပြောလိုကြောင်း၊ စစ်တပ်နဲ့ အခြားအဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီစံနှုန်းတွေနဲ့ တရားဥပဒေစိုးမိုးမှုကို လိုက်နာကြဖို့၊ ဒီကနေ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးရေး မိမိတို့ရဲ့ ဒေသတွင်းမိတ်ဆွေနိုင်ငံများနဲ့အတူ တိုက်တွန်းပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက ဆိုပါတယ်။
မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲရန် (သို့မဟုတ်) မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေရန် မည်သည့် ကြိုးပမ်းမှုကိုမဆို အမေရိကန်ပြည်ထောင်စုက ဆန့်ကျင်ပြီး ဒီလုပ်ရပ်တွေကနေ နောက်ပြန်မလှည့်ရင် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်မယ်၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည့် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ Jen Psaki ဂျန်ဆာကီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အဲန်တိုနီ ဘလင်ကဲင်ကလည်း နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ ဖမ်းဆီးထားတဲ့ အစိုးရအရာရှိတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်အားလုံးကို လွှတ်ပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုတွေကို ကာကွယ်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကနေ မတူညီတဲ့ ကွဲလွဲမှုတွေကို ဖြေရှင်းသွားနိုင်လိမ့်မယ်။ ဥပဒေနဲ့အညီလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က ပြောတဲ့အကြောင်း စင်္ကာပူအခြေစိုက် Business Times သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကတော့ မြန်မာပြည်မှာ စစ်အာဏာသိမ်းတဲ့ကိစ္စဟာ သူတို့ ပြည်တွင်းရေး ကိစ္စပဲ ဖြစ်တယ်လို့ပြောဆိုတဲ့အကြောင်း Business Times သတင်းမှာ ဖော်ပြထားပါတယ်။ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာစစ်တပ်အနေနဲ့ ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာဖို့ တိုက်တွန်းကြောင်း၊ သဘောထားမတူညီမှုတွေကို ဥပဒေနည်းလမ်းကြောင်းနဲ့ ဖြေရှင်းဖို့နဲ့ ဥပဒေနဲ့မညီဘဲ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။ ဥရောပကောင်စီရဲ့ဥက္ကဋ္ဌကလည်း ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာဖို့နဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ ပြန်ရှိစေဖို့ တိုက်တွန်းထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/international-statements-over-myanmar-military-02012021093857.html

No comments:
Post a Comment