မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာဖိအားပေးမှု တိုးလာ

နေပြည်တော်ရှိ လမ်းတခုမှာ လုံခြုံရေးယူထားတဲ့ မြန်မာစစ်တပ်။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းတဲ့အပေါ် ကမ္ဘာ့စီးပွားရေးအင်အားကြီး ခုနှစ် နိုင်ငံ G-7 က ပြင်းပြင်းထန်ထန် အပြစ်တင် ရှုတ်ချတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူအုပ်ချုပ်နေတာကို G-7 အဖွဲ့ တညီတညွတ်ထဲ ထပ်ပြီး ကန့်ကွက်တယ်လိုက်တာပါ။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီး အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကြေညာချက်မှာ တိုက်တွန်းပါတယ်။ လက်နက်မဲ့သူတွေအပေါ် ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ လက်မခံနိုင်ဘူး၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းသူတွေအနေနဲ့ သူတို့ရဲ့ လုပ်ခံအတွက်တာဝန်ခံရမယ်လို့ G-7 နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။ အာဏာသိမ်းတဲ့အတွက်ကြောင့် ဆန္ဒပြသူတွေအပေါ် နှောင့်ယှက်ဖိနှိပ်တဲ့လုပ်ရပ်တွေကိုလည်း သူတို့က ရှုတ်ချပါတယ်။

ဆန္ဒပြသူတွေ၊ ဆရာဝန်တွေ၊ အစိုးရဝန်ထမ်းတွေ၊ သတင်းထောက်တွေကို ပစ်မှတ်ထားတာတွေ ရပ်ဖို့နဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို ရုပ်သိမ်းဖို့လည်း တောင်းဆိုသလို အကူအညီလိုအပ်သူတွေအတွက် လူသားချင်းစာနာနဲ့ အကူအညီပေးခွင့်ရဖို့လည်း G-7 အဖွဲ့က တောင်းဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တရားလက်လွတ်ဖမ်းဆီးထားသူတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း G-7 အဖွဲ့က ထပ်ပြီးထောင်းဆိုထားပါတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တောင်းဆိုနေကြသူတွေနဲ့ အတူရပ်တည်နေပါတယ်လို့ G-7 နိုင်ငံခြားရေးဝန်ကြီးတွေက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

G-7 နိုင်ငံတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့ ပါဝင်ပါတယ်။

အာဏာသိမ်းယူထားတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သောကြာနေ့ကျရင် အထူးစည်းဝေးပွဲလုပ်မှာ ဖြစ်ပါတယ်။ မူလအစီအစဉ်မရှိဘဲ အလွတ်သဘောလုပ်မယ့် စည်းဝေးပွဲကျရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ရှင်းပြမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ တောင်းဆိုမှုအရ အထူးအစည်းအဝေးလုပ်မှာဖြစ်တယ်လို့ အထွေထွေညီလာခံ သဘာပတိပြောခွင့်ရက အသိပေးထားပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ အာဏာသိမ်းလုပ်ရပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကလည်းပြောကြားထားပါတယ်။

မုံရွာမြို့က စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမြင်ကွင်း။


၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနိုင်တယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့ကိစ္စကို အာဆီယံနိုင်ငံတွေထဲမှာလည်း ဆွေးနွေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ်ရွေးကောက်ပွဲလုပ်မယ့်ကိစ္စကို အင်ဒိုနီးရှားနိုင်ငံက လက်မခံပါဘူးလို့ အင်ဒိုနီးရှားအစိုးရက ဒီကနေ့ ပြောကြားပါတယ်။ မြန်မာ့အရေး အာဆီယံမှာ အထူးစည်းဝေးပွဲလုပ်ဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို သိရအောင်လုပ်နေတာဖြစ်တယ်လို့သူကဆိုပါတယ်။ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီက ပြောထားသလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်လာရေး အာဆီယံက စောင့်ကြည့်မယ့်အစီအစဉ်တွေကို အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းမယ်ဆိုတဲ့ Reuters သတင်းဌာနရဲ့ သတင်းထွက်ပေါ်ခဲ့တာကြောင့် ဒီအပေါ် မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ ဒီနေ့ အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြကြသူတွေကို သံရုံးပြောခွင့်ရကလည်း ခုလို ထွက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

"ဒီမိုကရေစီစနစ်အပေါ် အားပေးတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ဟာ မပြောင်းလဲပါဘူး။ အခြေအနေအားလုံးကို ဥပဒေဘောင်ထဲနေပဲ ဖြေရှင်းရမယ်လို့ အင်ဒိုနီးရှားသုံံးပြောခွင့်ရက ပြောကြားသွားတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိက ဦးစားပေးဖြစ်တယ်။ ပြည်သူတွေ အန္တရာယ်ဖြစ်မယ့် လုပ်ရပ်တခုကိုမှ လုပ်မှာ မဟုတ်ဘူး။" လို့ အင်ဒိုနီးရှား သံရုံးရှေ့မှာ ပြောနေသူတွေကို ပြောကြားသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက စစ်အာဏာသိမ်း အုပ်ချုပ်နေသူတွေထဲက ခေါင်းဆောင် နှစ် ယောက်အပေါ် အမေရိကန်ပြည်ထောင်စုက ထပ်ပြီး ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမြင့်ထွန်း တို့ကို အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ အရေးယူမှု ဒဏ်ခတ်စာရင်းမှာ တနင်္လာနေ့က ထပ်ပြီး ထည့်သွင်းခဲ့တာပါ။ အာဏာသိမ်းအုပ်ချုပ်နေသူတွေအပေါ် နောက်ထပ် အရေးယူမှုတွေ ရှိလာနိုင်တယ်လို့လည်း အမေရိကန်နိုင် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"မြန်မာပြည်သူတွေကို အားပေးထောက်ခံတဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရလက် အာဏာပြန်ရောက်အောင်လို့ အာဏာသိမ်းယူ အုပ်ချုပ်နေသူတွေအပေါ် ဖိအားပေးတဲ့အနေနဲ့ နောက်ထပ် ဒဏ်ခတ်မှုတွေ ရှိလာနိုင်တယ်။" လို့ အမေရိကန်နိုင် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောကြားသွားတာဖြစ်ပါတယ်။ EU ဥရောပသမဂ္ဂကတော့ အာဏာသိမ်းမှုမှာ ပါဝင်နေသူတွေအပေါ် ပြစ်မှတ်ထား နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ တနင်္လာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

"စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်ဖို့ EU နိုင်ငံတွေကြား သဘောတူခဲ့ကြပါတယ်။ အစိုးရ ပြောင်းလဲပြုပြင်ရေးအတွက် EU က တိုက်ရိုက်ထောက်ပံ့နေတဲ့ ငွေကြေးထောက်ပံ့မှု အစီအစဉ်ကို ဆိုင်းထားလိုက်ပါတယ်။" လို့ EU နိုင်ငံခြားရေးရာအကြီးအကဲ Josep Borrell ကတနင်္လာနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

ခုလို အာဏာယူအုပ်ချုပ်နေသူတွေအပေါ် ပြည်ပက ဖိအားတွေတိုးနေချိန်မှာ၊ ပြည်တွင်းက ပြည်သူတွေကလည်း အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်မှုတွေကို ဆက်ပြီး လုပ်နေကြပါတယ်။

"အာဏာလုတဲ့ စစ်ကောင်စီ အလိုမရှိ၊ အလိုမရှိ။ အာဏာလုတဲ့ စစ်ကောင်စီ အလိုမရှိ၊ အလိုမရှိ။"

မနေ့ကလောက် ဆန္ဒပြသူအရေအတွက် မများပေမဲ့ ရန်ကုန်မြို့ နေရာအနှံ့မှာ ဆန္ဒပြမှုတွေ ဆက်ပြီး ရှိခဲ့ပါတယ်။

"လက်နက်ရှိတဲ့သူက နိုင်ကြေးပေါ့ဗျာ။ အဲဒီလိုဟာကြီးကို ဘယ်လိုမှ မကြိုက်ပါဘူး။ အဲဒီတော့ တသက်လုံးနိုင်လာခဲ့တဲ့သူတွေဆိုတော့ လက်နက်အားကိုးနဲ့ နှိမ်နင်းတာတွေ၊ ဘာတွေက ကျိမ်းသေပေါက်လုပ်မှာပါပဲ။ မကျေနပ်ဘူး။ ဒါပေမဲ့ကျနော်တို့တွေကလည်း ငြိမ်းချမ်းစွာပဲ ဆန္ဒပြရမယ်၊ တုံ့ပြန်ရမယ်။ အဲဒါကို မကျေနပ်ကြောင်းတော့ ပြရမယ်။ ဒီလိုပဲ ထင်ပါတယ်။"

မြန်မာနိုင်ငံတဝန်း မန္တလေး၊ မုံရွာ၊ ထားဝယ်စတဲ့ မြို့တော်တော်များများမှာ လည်း ဒီနေ့ဆက်ပြီးဆန္ဒပြကြပါတယ်။ နေပြည်တော် ပျဉ်းမနားမှာ မနေ့က ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ ၂၀၀ ကျော်ကတော့ ဒီနေ့ ပြန်လွတ်လာကြပါတယ်။

မန္တလေးမြို့မှာ စနေနေ့က လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်နှိမ်နင်းမှုမှာ သေဆုံးသွားတဲ့ ဆန္ဒပြသူ ကိုသက်နိုင်ဝင်းရဲ့ အသုဘအခမ်းအနားကို မန္တလေးမှာ ဒီနေ့ကျင်းပပါတယ်။ ပြည်သူတွေတင်မြှောက်တဲ့ အစိုးရတက်လာတဲ့အခါကျမှ တရားမျှတစွာ အဆုံးအဖြတ်ပေးနိုင်ဖို့အတွက် တရားဥပဒေကြောင်းကနေ ဆောင်ရွက်သွားမယ်လို့ ကျန်ရစ်သူ ဇနီးဖြစ်သူက အသုဘအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ 


မစုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-situation/5789513.html

မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာဖိအားပေးမှု တိုးလာ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာဖိအားပေးမှု တိုးလာ Reviewed by THITHTOOLWIN on 01:15 Rating: 5

No comments:

Powered by Blogger.