နိုင်ငံအနှံ့ စစ်အစိုးရ ဆန္ဒပြပွဲတွေ ဆက်ရှိနေ၊ မင်းဘူးဆန္ဒပြသူ ရှစ်ဦး ဖမ်းဆီးခံရ

 

 တပ်မတော်က အာဏာသိမ်းလိုက်တာ ဒီနေ့ဆိုရင် ၂၄ ရက်ရှိနေပြီဖြစ်ပြီး စစ်အစိုးရ ကန့်ကွက်ဆန္ဒပြပွဲတွေက နိုင်ငံအနှံ့က မြို့နယ်အများအပြားမှာနေ့တိုင်းရှိနေပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ လည်း နေ့တိုင်းနီးပါးရှိနေပါတယ်။

မကွေးတိုင်း၊ မင်းဘူးမြို့မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဒီနေ့မနက်က ဖမ်းဆီးခဲ့ပါတယ်။ မင်းဘူးမြို့ ဆေးရုံနားမှာ ဆန္ဒပြဖို့ လူစုနေချိန်မှာ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား လေးယောက် ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေက မင်းဘူး ရဲစခန်းရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

မင်းဘူးမြို့က ဖမ်းဆီးခံရသူ ရှစ်ဦးလုံး ဒီနေ့ည ၇ နာရီ မထိုးခင်မှာ ပြန်လွတ်လာပါတယ်။

မကွေးမြို့မှာလည်း ဆန္ဒပြကျောင်းသားတချို့ကို ရဲတပ်ဖွဲ့က ဖမ်းဖို့ ကြိုးစားနေတယ်လို့ မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။ စစ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတာကြောင့် မကွေးဒေသခံ နှစ်ဦး အရင်ရက်တွေက ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူခံ ထားရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

မကွေးမြို့မှာ ဒီနေ့မနက် စစ်အစိုးရ ကန့်ကွက်သူ တစ်သောင်းလောက် မြို့တွင်းမှာလှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက် မကွေးတက္ကသိုလ်ရှေ့မှာ ထိုင်သပိတ်လုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာတော့ ပြီးခဲ့တဲ့ နှစ်ငါးလုံး လူထုအရေးတော်ပုံနေ့မှာ ဆန္ဒပြသူ အများအပြားရှိခဲ့တဲ့ ဆူးလေအနီး ပတ်ဝန်းကျင်ကို ဒီနေ့မှာ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေကို သွားတဲ့လမ်းတွေအားလုံးကိုလည်း ရဲတပ်ဖွဲ့က ဒီနေ့ ပိတ်ထားပါတယ်။ အမေရိကန် သံရုံးရှေ့ကို ဆန္ဒပြဖို့လာတဲ့ အမျိုးသမီးတဦးက လမ်းတွေ ပိတ်ထားတာကို စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ဂျပန်သံရုံးရှေ့ကိုတော့ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က မပိတ်ထားလို့ ဆန္ဒပြသူတွေ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် နေ့လယ်ပိုင်းမှာ ရဲတွေ ရောက်လာပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့ပြောပြီး ဂျပန်သံရုံးရှေ့ကို လည်း ရဲတွေက ပိတ်ဆို့ခဲ့ပါတယ်။ ရန်ကုန်က ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ သံရုံးတွေရှေ့ကို အများအပြားသွားရောက် ဆန္ဒပြခဲ့ပြီးနောက်ပိုင်း နှစ်ငါးလုံးအရေးတော်ပုံနေ့ကစပြီး သံရုံးတွေရှေ့မှာ ဆန္ဒမပြနိုင်အောင် ရဲတွေက ပိတ်ထားခဲ့တာပါ။ ဆန္ဒပြသူတွေ အများစု စုဝေးနေတဲ့ လှည်းတန်းနဲ့ မြေနီကုန်း လမ်းဆုံတွေမှာလည်း အရင်နေ့တွေကလောက် လူမများတော့ပေမယ့် ဆန္ဒပြသူတွေ အများအပြား ဆက်ရှိ နေပါတယ်။ မြောက်ဥက္ကလာပမြို့နယ်က ဆန္ဒပြသူတွေကလည်း အာဏာသိမ်းစစ်ကောင်စီက ခန့်အပ် လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိတဲ့အကြာင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်လုံခြုံရေး ညကင်းစောင့်နေသူ ဦးတင်ထွဋ်ဟိန်းကို လှည့်ကင်းပတ်နေတဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လို့ သေဆုံးသွားတဲ့ ဈာပနလည်း ဒီနေ့လုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ မန္တလေးမြို့ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့က ဖြိုခွင်းလို့ သေနတ်ကျည် ဦးခေါင်းထိမှန် သေဆုံးခဲ့တဲ့ အသက် ၁၆ နှစ် အရွယ် မောင်ဝေယံထွန်းရဲ့ ရက်လည်ဆွမ်းသွတ်အခမ်းအနားကို မြစ်ငယ်မြို့က သေဆုံးသူရဲ့နေအိမ်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ ဒီနေ့ ရက်လည်မှာ စစ်ကောင်စီ ကန့်ကွက်ဆန္ဒပြသူတွေ အများအပြားလာရောက်ဝန်းရံခဲ့ပါတယ်။ မန္တလေးမြို့တွင်းမှာလည်း စစ်ကောင်စီ ကန့်ကွက်ဆန္ဒပြသူတွေ ဒီနေ့သိန်းချီရှိပါတယ်။ ဆန္ဒပြသူတွေကို ၇၃ လမ်းနဲ့ ၂၉ လမ်းမှာ ရဲတပ်ဖွဲ့က ပိတ်ထားခဲ့တယ်။ အဲဒါကြောင့် ဆန္ဒပြသူတွေက အဲဒီနေရာမှာ ၂ နာရီကြာ ထိုင်သပိတ်လုပ်ပြီးနောက် တခြားနေရာကို ပြောင်းရွှေ့ဆန္ဒပြ ခဲ့ပါတယ်။

မနော်ယမံ ကစားကွင်းရှေ့မှာလည်း ဒီနေ့နေ့လည် ၁ နာရီကစပြီး မန္တလေးမြို့ တက္ကသိုလ်ပေါင်းစုံ စုပေါင်းပြီး လူငယ်တွေ သောင်းနဲ့ချီပြီး စုပေါင်းဆန္ဒပြခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြတဲ့နေရာက လမ်းမတွပေါ်မှာ ကျောင်းသူ၊ ကျောင်းသားတွေက စစ်အစိုးရ ကန့်ကွက်ကြောင်း စာတန်းထိုးခဲ့ကြပါတယ်။

ပုဂံမြို့မှာလည်း သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ ဗိုလ်ချုပ်လမ်း တံတားဦးထိပ်မှာ ကျောင်းသားပြည်သူအင်အား တစ်သိန်းလောက် ဒီကနေ့ ထိုင်သပိတ်လုပ်ခဲ့ကြပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြသူ ၃၀၀ ဝန်းကျင်က မြို့တွင်း ကို လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက် ကမ်းနားလမ်းမှာ ထိုင်သပိတ်မှောက်ခဲ့ပါတယ်။ ရပ်ကွက်အုပ်ချုပ် ရေးမှူးအသစ်တွေ စစ်ကောင်စီက ခန့်အပ်တာကိုလည်း ဘားအံ ဒေသခံတွေက အုပ်ချုပ်ရေးမှူးရုံးရှေ့တွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ ဘားအံမြို့မှာတော့ ပြည်နယ်အစိုးရရုံး၊ မြဝတီဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေ ရှေ့မှာ ရဲနဲ့ စစ်တပ်က ပုံမှန်လုံခြုံရေးချထားပါတယ်။ မြဝတီမြို့မှာ ဆန္ဒပြသူတစ်ထောင်ဝန်းကျင်ရှိပါတယ်။ မြဝတီမြို့က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ စထွက်ခွာတဲ့နေရာမှာကတည်းက လာပြောခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ ဆက်ပြီး ချီတက်ခဲ့ကြပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့မှာလည်း စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူ တစ်သောင်းကျော်ရှိပါတယ်။ ဆန္ဒပြပွဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေ ပါဝင်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေက ဒေသခံတွေလည်း လာရောက်ပူးပေါင်းခဲ့ပါတယ်။ နန်းမယ်ခုံမြို့မှာ ဒီနေ့ဆန္ဒပြနေချိန်မှာတော့ တပ်နဲ့ရဲ လုံခြုံရေးတွေမရှိခဲ့ပါဘူး။

ချင်းပြည်နယ်၊ မင်းတပ်၊ ဟားခါး၊ မတူပီမြို့တွေမှာတော့ စစ်အုပ်ချုပ်ရေး ဆန္ဒပြပွဲတွေ ဒီနေ့လုပ်ခဲ့ပါတယ်။ ချင်းပြည်နယ်က အစိုးရဝန်ထမ်းတွေ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်မှု အား ကောင်းလာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဖလမ်းမြို့မှာတော့ စစ်တပ်လုံခြုံရေးယာဉ်တန်းတွေက မနေ့ညကစပြီး မောင်းနှင်နေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြသူတွေကို တားဆီးတာတွေအပြင် ဖမ်းဆီးတာတွေပါ အများအပြားရှိခဲ့တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့မှာလည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ တစ်ထောင်လောက်က ဒီနေ့ မြို့တွင်းကိုလှည့်ပြီး လမ်း လျှောက်ဆန္ဒပြခဲ့ပါတယ်။ ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြသူ တစ်ရာဝန်းကျင်လည်း ရှိပါတယ်။ ဒီနေ့ ဆန္ဒပြပွဲမှာတော့ လုံခြုံရေးအဖွဲ့တွေက တားဆီးဟန့်တားတာတွေ မရှိခဲ့ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့က ဘဏ်တွေရှေ့မှာတော့ စစ်တပ် လုံခြုံရေးတွေရှိနေပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာတော့ စစ်အစိုးရ ကန့်ကွက်ဆန္ဒပြသူ ခုနစ်ထောင်ကျော် ရှိပါတယ်။ ဒီနေ့ဆန္ဒပြပွဲ မှာ ပညာရေးဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်လာပါတယ်။ လူငယ်တွေကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး သီချင်းတွေကို လူစည်ကားရာနေရာတွေမှာ သီဆိုခဲ့ကြပါတယ်။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ပုသိမ်မြို့က ဝန်ထမ်းတချို့ကို ဒီနေ့အလုပ်ပြန်တက်ဖို့ သက်ဆိုင်ရာဌာနတွေက အကြောင်းကြား စာပေးဖို့တာတွေရှိနေပြီး တချို့ဌာနတွေကတော့ CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ကနေ ယာယီ ရပ်ဆိုင်းတာတွေလည်း ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ပုသိမ်မြို့မှာတော့ စစ်တပ်နဲ့ရဲလုံခြုံရေး တွေ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေရှေ့မှာ နေရာယူထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ စစ်အစိုးရ ကန့်ကွက်သူ ၆၉၆ ဦး ဖမ်းဆီးအရေးယူခံရပြီး အဲဒီထဲက ၅၀ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၆၄၆ ဦးကို ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စာရင်း ထုတ်ပြန်ထားပါတယ်။ ဒီလို ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမယ့်လည်း မြန်မာနိုင်ငံအနှံ့ မြို့နယ် အများစုမှာ စစ်ကောင်စီကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့အထိဆက်ရှိနေပါတယ်။ ကုလသမဂ္ဂကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/six-protesters-arrested-in-minbu-02242021042658.html




နိုင်ငံအနှံ့ စစ်အစိုးရ ဆန္ဒပြပွဲတွေ ဆက်ရှိနေ၊ မင်းဘူးဆန္ဒပြသူ ရှစ်ဦး ဖမ်းဆီးခံရ  နိုင်ငံအနှံ့ စစ်အစိုးရ ဆန္ဒပြပွဲတွေ ဆက်ရှိနေ၊ မင်းဘူးဆန္ဒပြသူ ရှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.