အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်မြင့်တက်လာချိန်မှာ အာဏာသိမ်း စစ်အစိုးရက ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးလုံး တစ်နိုင်ငံလုံးမှာ အင်တာနက်ဖြတ်တောက်ခဲ့ပြီး၊ အခုပြန်ဖွင့်ပေးချိန်မှာ နှေးကွေးလွန်းတဲ့အတွက် ဘဏ်လုပ်ငန်း၊ သတင်းလုပ်ငန်းနဲ့ အွန်လိုင်းစာသင်ကျောင်းတွေ အပါအဝင် ကဏ္ဍပေါင်းစုံမှာ အခက်အခဲ ဖြစ်နေပါတယ်။
ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာန၊ စီမံရေးနဲ့ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ကတော့ အင်တာနက်ဖြတ်တောက်မှု နဲ့ ပတ်သက်ရင် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာကို သူတို့အနေနဲ့ ကြိုပြောခွင့်မရှိဘူးလို့ ပြောပါတယ်။
အာဏာသိမ်း စစ်အစိုးရက အင်တာနက် ဖြတ်တောက်လိုက်တာကြောင့် လုပ်ငန်း ရပ်ဆိုင်းလိုက်ရတဲ့အထိ ထိခိုက်သွားတယ်လို့ ရန်ကုန်မှာ ပုဂ္ဂလိက စာတိုက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“ဒီအင်တာနက် ဖြတ်တောက်လိုက်ချိန်မှာ တော်တော်များများလည်း စီးပွားရေးတွေ ရပ်ဆိုင်းသွားတယ်။ ၂၀၂၁ မှာ တိုးတက်လာတာနဲ့အမျှ အင်တာနက်လိုင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ သွားနေရတယ်။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတာ။ ကျွန်တော်တို့က အဓိက ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းဆိုတော့ အင်တာနက် ဖြတ်တောက်လိုက်ချိန်မှာ ဘယ်လိုမှ ဆက်လုပ်လို့မရတော့ဘူး။ System တွေ Network တွေနဲ့သွားရတာဆိုတော့ တော်တော်ကြီးကို ထိခိုက်ပါတယ်။ ကျွန်တော်တို့မှ မဟုတ်ဘူး။ တော်တော် များများလည်း ထိခိုက်ပါတယ်။”
ပြည်ပကနေ ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်မြို့ခံ ဝန်ထမ်းတစ်ဦး ကလည်း “အင်တာနက်လိုင်း ဖြတ်တောက်မှုတွေကြောင့် လုပ်ငန်းနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ တွန့်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
“ညီမတို့ ပစ္စည်းတင်သွင်းသူတွေနဲ့ အဆက်သွယ် ပြတ်တောက်သွားတာတွေ၊ သူတို့ဘက်မှာတော့ သတင်းတွေ တက်လာတယ်။ တက်လာတဲ့အခါကျတော့ ဒီအပေါ်မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့ မေးခွန်းမျိုးတွေ အမေးခံလာရတယ်။ နောက်ပိုင်းမှာ စီးပွားရေးနဲ့ပတ်သက်ပြီး ထိခိုက်လာမှာလားဆိုတဲ့ မေးခွန်းတွေလည်း ရှိတယ်။ အဓိကတော့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး နည်းနည်းလေး တွန့်ဆုတ်သွားတဲ့ သဘောမှာ ရှိတယ်။ အင်တာနက်လိုင်းဖြတ်တောက်တာနဲ့ ပတ်သက်ပြီး သတင်းအမှောင်ချတယ်လို့ ခံစားရတယ်။"
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရက အင်တာနက်လိုင်းတွေကို မကြာခဏ ဖြတ်တောက်ပြီး၊ ဖုန်းလိုင်းတွေပါ ပြတ်တောက်ခဲ့တဲ့အတွက် လုပ်ငန်းရပ်တန့်ထားရတဲ့ အခြေအနေဖြစ်နေတယ်လို့ နိုင်ငံခြားကုမ္မဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ HR ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကဆိုရင် အလုပ်သမားတွေ ကိုယ်တွေကအစ အင်တာနက်မရှိတဲ့အတွက် ATM တွေမှာ ငွေထုတ်လို့မရဘူး။ ဘဏ်တွေကလည်း ATM တွေမှာ အလျင်မှီအောင် အပြည့်ဖြည့်ပေးထားတယ် လို့ ပြောပေမယ့် တကယ်တမ်း သွားထုတ်တဲ့အခါမျိုးမှာ ငွေမရှိနေဘူး။ ATM နဲ့ ပတ်သက်တဲ့ အခက်အခဲ တွေက အများကြီးပဲ။ အင်တာနက် မရှိတဲ့အတွက် mobile Banking တွေလည်း သုံးလို့ မရတော့ဘူး။ ပြည်ပနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ကုမ္မဏီအနေနဲ့ လုံးဝအဆင်မပြေဘူး။ သူတို့အနေနဲ့ သတင်းအမှောင် ချချင်လို့ ဖြတ်တာလားဆိုတာတော့ မပြောတတ်ပေမယ့် ကိုယ့်ဘက်က ကိုယ့်ရဲ့ပါတနာကအစ ဟိုဘက်က သတင်းအချက် အလက်တွေ အကုန်ပြတ်တောက်ကုန်တယ်။ ဘာမှကို လုပ်ငန်းဆက်လုပ်လို့ မရဘဲနဲ့ အခုဆိုရင် လုပ်ငန်းက လုံး၀ ရပ်ထားရတဲ့အနေအထားထိ ဖြစ်နေတယ်။"
နေပြည်တော်မှာလည်း ပြီးခဲ့တဲ့ စနေနေ့က အင်တာနက်ဖြတ်တောက်တာကို မသိဘဲ၊ ရှော့ပီးစန်တာမှာ ATM ကတ်နဲ့ငွေထုတ်ပြီး စျေးဝယ်ဖို့သွားသူတွေ၊ ATM စက်တွေ အလုပ်မလုပ်တာကြောင့် စျေးမဝယ်နိုင်ဘဲ ပြန်လာခဲ့ရတယ်လို့ နေပြည်တော်အခြေစိုက် နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဘာ့ကြောင့် အင်တာနက်လိုင်းတွေ ပြတ်တောက်ရသလဲဆိုတာသိနိုင်ဖို့ နေပြည်တော်အခြေစိုက် MMlink အင် တာနက်ကုမ္ပဏီကို မနေ့က ဆက်သွယ်မေးမြန်းရာမှာ “သူတို့ကိုတောင် ဘာမှအကြောင်းမကြားဘဲ ဆက်သွယ် ရေး၀န်ကြီးဌာနက တိုက်ရိုက်ဖြတ်တောက်လိုက်တာ” လို့ ၀န်ထမ်းတစ်ဦးက ရှင်းပြပါတယ်။
“သြော် ဟုတ်ကဲ့၊ အဲဒါညီမတို့ အောက်ဘက်ကနေ ပိတ်တာမဟုတ်ပါဘူး၊ အထက် အော်ပရေတာကနေ တိုက်ရိုက်ပိတ်လိုက်တာ၊ ညီမတို့ အောက်ဘက်က ဘာမှ မခံထားဘူးရှင့်၊ သူတို့ဘက်က ဖွင့်လိုက်တာနဲ့ အဆင်ပြေသွားမှာပါ၊ စနေ၊ တနင်္ဂနွေ ပိတ်ပြီး တနင်္လာနေ့ ပြန်ရမယ်လို့ သိရတယ်ရှင့်၊ သူတို့က ညီမတို့ကို ဘာမှ အကြောင်းမကြားဘူး၊ ညွှန်လည်းမညွှန်ကြားဘူး၊ ညိမတို့ ပိတ်တာမဟုတ်ဘူး၊ အထက်ကနေ ပိတ်လိုက်တာပါ။”
ပြည်တွင်း အင်တာနက်လိုင်းအားလုံးကို ချုပ်ကိုင်ထားတဲ့ ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာန၊ စီမံရေးနဲ့ ဘဏ္ဍာရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင် က “အင်တာနက်ဖြတ်တောက်မှုနဲ့ ပတ်သက်ရင် ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာကို သူတို့အနေနဲ့ ကြိုပြောခွင့်မရှိဘူး” လို့ ပြောပါတယ်။
“တရားဝင်ဖြတ်မယ်ဆိုရင်တေ့ာ ကျနော်တို့ အားလုံးကို အကြောင်းကြားပြီးမှ ဖြတ်တာပါ၊ ကျနော်တို့ကို လည်း ညွှန်ကြားရင် ညွှန်ကြားသလို အချိန်နဲ့ တပြေးညီ လုပ်ရတာဆိုတော့လေ၊ ကျနော်ပြောလို့ ရတာတော့ တစ်ယောက်စီကို ဟိုဟာလုပ်တာတော့ မရှိပါဘူး၊ ဒါပေမဲ့ ဘယ်အချိန်မှာ ဘာလုပ်မလဲ ဆိုတာကို ကျနော်တို့က ပြောလို့လည်း မရဘူးလေ၊ ပြောခွင့်လည်း မရှိဘူးလေ။”
ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးလုံး အင်တာနက်လိုင်းတွေ ရုတ်တရက် ဖြတ်တောက်လိုက်တဲ့အတွက်၊ အင်တာနက်ကရယူနေတဲ့ သတင်းရင်းမြစ်အားလုံး သုံးမရတော့ဘဲ ရန်ကုန်မှာ ရှိတဲ့ မိခင်သတင်းဌာနနဲ့လည်း အဆက်အသွယ်ပြတ်တောက်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ နေပြည်တော် အခြေစိုက် သတင်းသမားတစ်ဦးက ပြောပါတယ်။
သူ့သတင်းဌာနဆိုရင် အာဏာသိမ်းပြီးကတည်းက အင်တာနက်လိုင်း မကြာခဏ ဖြတ်တောက်ခံရတာကြောင့် လုပ်ငန်းရပ်ဆိုင်းရမယ့် အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
“အင်တာနက်ဖြတ်လိုက်တေ့ာ ကျနော်တို့က သိသင့်သိထိုက်တဲ့ သတင်းအားလုံး အဆက်ပြတ်သွားတယ်၊ ကျနော့်ရုံးက ဘာပြောလဲဆိုရင် အင်တာနက် ဖြတ်လိုက်မယ်ဆိုရင် အခြေအနေအရ သတင်းစာတောင် မထွက်နိုင်တဲ့ အခြေအနေထိ ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်၊ ကျနော်တို့ဆိုရင် နေပြည်တော်ဘက်က ပို့မယ့်သတင်းတွေ မပို့နိုင်တော့ဘူး၊ နယ်သတင်းတွေက ရန်ကုန်ကို မပို့နိုင်တော့ဘူးပေါ့နော်၊ ပြည်သူတွေ အတွက် သတင်းသိပိုင်ခွင့်တွေ မရှိတော့ဘူးပေါ့နော်၊ ဒီအင်တာနက်ဖြတ်လိုက်တဲ့အတွက်။"
လူထုရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာသိမ်းဖြုတ်ချပြီးတဲ့နောက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့" အခုလို အင်တာနက်လိုင်းတွေ နှစ်ရက်ကြာ ဖြတ်တောက်လိုက်တာဟာ ပြည်သူတစ်ဦးချင်းစီ ရဲ့ အခွင့်အရေးကို အာဏာသိမ်းစစ်အစိုးရက ချိုးဖောက်တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်အစိုးရဟာ ဖေဖော်ဝါရီ ၁ ရက် စတင်အာဏာသိမ်းတဲ့နေ့မှာ၊ မနက်စောစော ၃ နာရီကနေ မွန်းလွဲ တစ်နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပထမဆုံးအကြိမ် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် အင်တာနက်လိုင်း တွေ ထပ်မံဖြတ်တောက်ခဲ့တာပါ။
ကိုရိုနာကပ်ရောဂါကြောင့် အွန်လိုင်းကနေ ခက်ခက်ခဲခဲစာသင်နေရတဲ့ ကျောင်းသူကျောင်းသားတွေလည်း အင်တာနက်လိုင်း မကြာခဏ ဖြတ်တောက်မှုတွေကြောင့် အခက်အခဲဖြစ်ရတယ်လို့ နေပြည်တော်အခြေစိုက် International Language and Business Center – ILBC ကျောင်းမှာ စာသင်ကြားနေတဲ့ အသက် ၁၅ နှစ်အရွယ် ဇိုမီးကျောင်းသားတစ်ဦးက ပြောပါတယ်။ (ဇိုမီးဆိုတာ ထဲ့ပေးပါလို့ တောင်းဆိုလို့ ထဲ့ပေးရတာပါ။)
“အင်တာနက်ရယ် ၀ိုင်ဖိုင်ရယ်က ကျနော်တို့အတွက် အွန်လိုင်းကလပ်စ်တွေ တက်ဖို့အတွက် အရမ်း အရေးကြီးတယ်၊ ဒီလိုကွန်နက်ရှင် အဖြတ်ခံရတော့ ကျနော်တို့အတွက် အခက်အခဲတွေ အများကြီး ကြုံရပါတယ်။ ဒီကုန်ဆုံးသွားတဲ့အချိန်တွေကို ကျနော်တို့ ဘယ်လိုမှ ပြန်ယူလို့ မရတော့ဘူး၊ တခြား နိုင်ငံက ကျောင်းသားတွေကျတော့ ကံကောင်းတယ်လို့ ပြောလို့ရမယ်၊ သူတို့က တခြားနိုင်ငံတွေမှာ တက်ခွင့်ရတေ့ာလေ၊ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ Covid-19 လည်းကြုံရသလို ကွန်နက်ရှင် ဆုံးရှုံးမှုလည်း ကြုံရတယ်၊ ကျနော်တို့ရဲ့ Knowledge ဗဟုသုတတွေ ရပ်တန့်ခံရတယ်၊ သတင်း အချက်အလက်တွေကို ကျနော်တို့ မရနိုင်ပါဘူးခင်ဗျ၊ ပြီးတော့ နိုင်ငံခြားမှာရှိတဲ့ ကျနော်တို့ရဲ့ ဆွေမျိုးသားချင်းတွေကိုလည်း ကျနော်တို့ ဆက်သွယ်လို့ မရတော့ဘူး၊ သူတို့လည်း ကျနော်တို့အတွက် စိတ်ပူနေကြတယ်။”
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် တနင်္လာနေ့မှာ အင်တာနက်လိုင်းတွေ ပြန်ရပေမယ့်၊ နှေးကွေးလွန်းတာကြောင့် စာဆက်သင်လို့ မရတော့ဘဲ ILBC ကျောင်း အွန်လိုင်းသင်ကြားမှုကို သုံးရက်ကြာ ပိတ်ထားရတယ်လို့ သူက ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်အစိုးရက အင်တာနက်လိုင်းတွေ ထပ်မံဖြတ်တောက်မယ်လို့ ပြည်သူလူထု အကြား သတင်းတွေ ပျံ့နှံ့လာတဲ့အတွက် ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာန၊ စီမံရေးနဲ့ ဘဏ္ဍာရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင် ကို မေးမြန်းရာမှာ အဲဒီကိစ္စ သူမသိသေးဘူးလို့ ပြောပါတယ်။
ဒီကနေ့ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၈ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အစိုးရ၀န်ကြီးဌာနအားလုံး ရုံးစိုက်တဲ့ နေပြည်တော်မှာ သာမန်ပြည်သူတွေရဲ့ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်မြင့်တက်လာသလို၊ ၀န်ထမ်း ဌာနအသီးသီးက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေလည်း ပိုများလာပါတယ်။
မြန်မာနိုင်ငံမှာ အကြိးဆုံး ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ခွဲအားလုံးလည်း အာဏာဖီဆန်ရေး လှုပ်ရှားမှုလုပ်တဲ့အနေနဲ့ ၀န်ထမ်းတွေက ရုံးမတက်ကြတဲ့အတွက်၊ ဘဏ်ခွဲအားလုံး တစ်ခုမှ မဖွင့်နိုင်ဘဲ ပိတ်ထားရတယ်လို့ နေပြည်တော် ကမ္ဘောဇဘဏ်ခွဲတစ်ခုမှာ စောင့်ကြပ်နေတဲ့ လုံခြုံရေး၀န်ထမ်းတစ်ဦးက RFA ကို ပြော ပါတယ်။
အရင်က မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ရောင်းချလေ့ရှိတဲ့ အဆင့်မြင့် စျေးဝယ်စင်တာတွေ ကိုတော့ အခု မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်ခွင့်ပေးထားပြီး စျေး၀ယ်သူ အတော် နည်းပါးနေတာကို မြင်တွေ့ရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/many-problems-because-of-internet-cutout-02082021083301.html
No comments:
Post a Comment