မြန်မာ စစ်အာဏာသိမ်းအစိုးရ ဘာဆက်လုပ်နိုင်သလဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းတွေ ပြောနေခဲ့တဲ့ အချိန်မှာ သူအတွက် လုပ်ရိုးလုပ်စဉ် တာဝန်တခုမဟုတ်တဲ့ ဒေါသထွက်နေတဲ့ မြန်မာလူထုကို စိတ်လျှော့အောင်  လုပ်နေရတဲ့အတွက် မသက်မသာလည်း ဖြစ်နေပုံရ

မြန်မာနိုင်ငံက ဒီမိုကရေစီ မြေစမ်း ခရမ်းပျိုးနေမှုတွေကို ဖြိုချ ဖျက်ဆီးပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ လုပ်လိုက်တာနဲ့ ပတ်သက်ပြီး အစိုးရရုပ်မြင်သံကြား မျက်နှာပြင်ပေါ်ကို နှစ်ကြိမ်ထွက်ပြီး ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။

သူဟာ မိန့်ခွန်းတွေကို ဖော်ပြပေးနေတဲ့ စက်မျက်နှာပြင်ရှေ့မှာ စိတ်အနှောက်အယှက် ဖြစ်နေတဲ့ မျက်နှာထားနဲ့ မိန့်ခွန်းပြောကြားခဲ့ရာမှာ အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးကို တစ်ခွန်းမှ မဟခဲ့သလို၊ ရွေးကောက်ခံ နိုင်ငံရေးသမားတွေကို ဖမ်းလိုက်တာ၊ မြန်မာနိုင်ငံအနှံ့ အလွှာပေါင်းစုံက ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာ၊ နိုင်ငံတကာက သူ့ရဲ့ အာဏာသိမ်းမှုကို ပြစ်တင် ရှုတ်ချပြီး စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ ခြိမ်းခြောက်နေတာ အစရှိတဲ့ အခြေအနေတွေကိုလည်း တစ်လုံးတစ်ပါဒမှ ထည့်မပြောခဲ့ပါဘူး။

ဒါတွေကို သူက ဖြေရှင်းရမယ့်အစား မြန်မာစစ်တပ်ရဲ့ ဖွင့်နေကျ ဓာတ်ပြားဟောင်းကြီးတွေဖြစ်တဲ့ စည်းကမ်းပြည့်ဝပြီး ညီညွတ်ကြဖို့ လိုအပ်တယ် ဆိုတာတွေ ပြောဆိုခဲ့ပြီး အခုအချိန်အထိ သက်သေမပြနိုင်သေးတဲ့ ကိစ္စဖြစ်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ကြောင်း စွပ်စွဲ ခဲ့ပါတယ်။

အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းတွေ ပြောနေခဲ့တဲ့ အချိန်မှာ သူအတွက် လုပ်ရိုးလုပ်စဉ် တာဝန်တစ်ခုမဟုတ်တဲ့ ဒေါသထွက်နေတဲ့ မြန်မာလူထုကို စိတ်လျှော့အောင် လုပ်နေရတဲ့အတွက် မသက်မသာလည်း ဖြစ်နေပုံရပြီး သူ အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးကို အန္တရာယ်ရှိတဲ့ အကျပ်အတည်း အခြေအနေအတွင်းကို ဆွဲသွင်းလိုက်သလို ဖြစ်သွားတာကိုလည်း သူ့ကိုယ်သူ သတိထားမိပုံ မရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD ကို ထင်မှတ်မထားဘဲ သန်းနဲ့ချီတဲ့ ပြည်သူတွေက ဒုတိယမြောက် အစိုးရသက်တမ်းအတွက် တစ်ခဲနက် မဲပေးရွေးချယ်ခဲ့ကြတဲ့ နောက်ခံ အခြေအနေမှာ ၂၀၂၁ ဇူလိုင်လမှာ ကာကွယ်ရေးဦးစီးချုပ် ရာထူး သက်တမ်းကုန်တော့မယ့် ဗိုလ်ချုပ်မှူးကြီးက နောက်ကြောင်းမအေးရတော့တဲ့အတွက် မဲရုံမှာ NLD ကို ခွက်ခွက်လန်အောင် ရှုံးနိမ့်ထားတဲ့ စစ်တပ်က ပြောင်ပြောင်တင်းတင်း အာဏာသိမ်းလိုက်တာလို့ပဲ နိုင်ငံတကာက မြင်ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကတော့ ဒီလိုမမြင်ကြပါဘူး။

သူတို့ဟာ မြန်မာနိုင်ငံမှာ “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်” ဆိုပြီး သူတို့ကိုယ်တိုင် သတ်မှတ်နေဆဲဖြစ်တဲ့ အခြေအနေ အကူးအပြောင်းကာလမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် ၂၀ဝ၈ ခုနှစ်က သူတို့ရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှစ်ပေါင်းများစွာ ပုံသွင်းခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ အခုလို နာမည်တပ်ထားတဲ့ “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်” ကို သွားတဲ့ လမ်းကြောင်းဟာ သူတို့ မကြိုက်တဲ့ လားရာကို ဦးတည်နေတယ် ဆိုရင်လည်း အချိန်မရွေး အာဏာပြန်သိမ်းနိုင်ဖို့ အခွင့်အရေးက ဖွဲ့စည်းပုံ အခြေဥပဒေထဲမှာ ထည့်ထားပြီးသားလည်း ဖြစ်ပါတယ်။

“ကျွန်တော် မင်းအောင်လှိုင်ကို တွေ့တဲ့အခါတိုင်းမှာ စစ်တပ်ရဲ့ အလုပ်က ဒီမိုကရေစီကို ကာကွယ်ဖို့ပါ ဆိုပြီးတော့ သူက ထပ်တလဲလဲ မလျှော့တမ်း ပြောလေ့ရှိတယ်ဗျ” လို့ မြန်မာနိုင်ငံမှာ နေထိုင်နေတာ နှစ်အတော်အတန် ကြာပြီဖြစ်တဲ့ ဝါရင့် သံတမန်တဦးက ဘီဘီစီကို ပြောပါတယ်။ အခုလို သံတမန်တွေက ဘီဘီစီကို ပြောခဲ့ကြရာမှာ နာမည်တော့ မဖော်လိုကြဘူးလို့ ဆိုပါတယ်။

အခုလို ဝါရင့်သံတမန်တွေက အခု စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ကြရာမှာ “မြန်မာစစ်တပ်ရဲ့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ဒီမိုကရေအရေးမှာ မသမာမှုတွေ ရှိနေပြီး ဒါ့ကြောင့် ကြားဝင်ရပါတယ်လို့ ဆင်ခြေ ပေးကြတယ်။ သူတို့ကိုယ် သူတို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ လုပ်တာလို့လည်း ယူဆကြတယ်။ ကျွန်တော့အမြင်အရ ဆိုရင် ကျန်တဲ့ တစ်ကမ္ဘာလုံးကလည်း ဒါကို နားလည်ကြလိမ့်မယ်လို့ သူတို့က ထင်တာဗျ။ သူတို့ လုပ်လိုက်တာက စစ်အာဏာသိမ်းတာလို့ကို သူတို့ကိုယ် သူတို့ မယူဆကြဘူး”

မြန်မာနိုင်ငံ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၁၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်အထိ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရက သူတို့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ညီလာခံလုပ်ပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေအရ တပ်မတော် ဆိုတဲ့ မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ အထက်အောက် လွှတ်တော် နှစ်ရပ်လုံးမှာ အမတ်နေရာ လေးပုံတပုံကို ရွေးကောက်ပွဲ ဝင်စရာမလိုပဲ ကာကွယ်ရေးဦစီးချုပ်ရဲ့ ရွေးချယ်မှုနဲ့ ရရှိတာ ဖြစ်တဲ့အတွက် “ကပြား ဒီမိုကရေစီ” ကို ဖန်တီးခဲ့တာလို့ ဆိုနိုင်ပြီး ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့လို အင်အားနဲ့ အရှိန်အဝါ အရှိဆုံး ဝန်ကြီးဌာန သုံးခုကို ဘယ်အစိုးရ တက်တက် စစ်တပ်က ထိန်းချုပ်ထားတဲ့အချက်ပါ ပါဝင်တဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနကို ရရှိထားတဲ့အတွက်လည်း ဒေသတွင်း အုပ်ချုပ်ရေးပိုင်း အများစုကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံသား မဟုတ်တဲ့ ဇနီး၊ ခင်ပွန်း ဒါမှမဟုတ် သားသမီး ရှိရင် သမ္မတနဲ့ ဒုသမ္မတ ရာထူးတွေ ယူခွင့်မရှိတဲ့အတွက် ဒီနှစ်ခုစလုံးနဲ့ ငြိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတဖြစ်ခွင့် မရခဲ့ပါဘူး။

၂၀ဝ၆ နှစ်ကုန်ပိုင်း အဲဒီ ဖွဲ့စည်းပုံဥပဒေကို ရေးဆွဲဖို့ ပြင်ဆင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဘယ်လို အနေအထားတွေကို အတုယူလုပ်ဆောင်နေသလဲလို့ ဂျော်နသန် ဟက်ဒ် ကိုယ်တိုင်က အဲဒီအချိန်က မြန်မာပြန်ကြားရေး ဝန်ကြီးကို မေးမြန်းတဲ့ အခါမှာ အင်ဒိုနီရှား အာဏာရှင်ဖြစ်တဲ့ ဆူဟာတို လုပ်ခဲ့တဲ့ လမ်းကြောင်းကို အသင့်တော်ဆုံး အဖြစ် ဥပမာယူ လုပ်နေပါတယ် ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ တုံ့ပြန် ဖြေဆိုခဲ့ပါတယ်။

ဒီလိုနဲ့ပဲ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပပေးပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းအားဖြင့် နိုင်ငံရေးမှာ လက်ဦးနေရာယူထားခဲ့ရာမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ နဂိုရထားပြီးသား စစ်သားအမတ် လေးပုံတစ်ပုံနဲ့အတူ သူတို့ထူထောင်တဲ့ ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ရနိုင်သလောက် အမတ်နေရာတို့ စုပေါင်းပြီး NLD ကို အစိုးရဖွဲ့နိုင်လောက်တဲ့ မဲမရဖို့ မျှော်လင့်ခဲ့ပေမယ့် သူတို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြပါဘူး။

နောက်တစ်ခါ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆိုရင်လည်း အုပ်ချုပ်မှု ပုံစံ ဝေဖန်မှုတွေ ခံလာရတဲ့ NLD အစိုးရ အခြေအနေနဲ့အတူ USDP ပါတီက အမတ်နေရာ ပိုရဖို့ မြန်မာ စစ်ဗိုလ်ချုပ်တွေက မျှော်လင့်ခဲ့ကြပြန်ပေမဲ့ နောက်ဆုံး အမတ် ရာခိုင်နှုန်း ၇% အောက် ပဲ ကျန်တော့တဲ့အထိ အခြေအနေ ပိုဆိုးသွားခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေ အခုလို ထင်သလို ဖြစ်မလာရတာဟာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့လို့သာလျှင်USDP ပါတီက အနိုင်မရတာ ဖြစ်နိုင်တယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ယုံကြည်နေတယ် ဆိုရင် အံ့သြစရာတော့ မရှိပါဘူး။

အခုလို ၂၀၂၁ မှာ သူတို့ ပုံစံထုတ်ထားတဲ့ “ဒီမိုကရေစီ ကျင့်သုံးမှု” ဆိုတာကို ထိန်းသိမ်းဖို့အတွက် အာဏာသိမ်းလိုက်အပြီးမှာ သူတို့ ဘယ်လို ခြေလှမ်းတွေ လှမ်းလာနိုင်ပါသလဲ…။

ထိုင်းပုံစံ စစ်တပ်က မူချတဲ့ ဒီမိုကရေစီ ဖြစ်လာမလား

ထိုင်းနိုင်ငံမှာ ၂၀ဝ၁ ခုနှစ်ထဲက ရွေးကောက်ပွဲတွေကို အနိုင်ရလာတဲ့ သက်ဆင် ရှင်နာဝတ်ထရာနဲ့ ညီမ ဖြစ်သူ ယင်လတ်တို့ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတဲ့ ပြဿနာဟာ ထိုင်းမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေ ခေါင်းခဲ ခဲ့ရတဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ထိုင်းစစ်ခေါင်းဆောင်တွေဟာ သူတို့ရွေးချယ်တဲ့ အမတ်တွေချည်းပဲ ၂၅၀ ပါဝင်တဲ့ ထိုင်းအထက်လွှတ်တော် ဆီးနိတ် ရှိရမယ့် အချက် ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့အပြင် သက်ဆင်နဲ့ ယင်လတ်တို့ရဲ့ ဖူထိုင်းပါတီ အမတ်နေရာ နည်းနည်းပဲ ရအောင်လည်း ရွေးကောက်ခံ စနစ်ကို ပြုပြင်ခဲ့ပါတယ်။

ဒီလို လုပ်ဆောင်မှုကို မြန်မာစစ်ခေါင်းဆောင်တွေက အတုယူ လုပ်ကိုင်လာနိုင်ပြီး နိုင်ငံအနှံ့ အင်အားကောင်းတဲ့ NLD က အမတ်အများစု အနိုင်ရနေတဲ့ မဲ အချိုးကျ မဟုတ်ဘဲ၊ မဲအများဆုံး အရင်ရသူ အနိုင်ပေးတဲ့ စနစ်ကို အပြောင်းအလဲ လုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

ထိုင်းစစ်အစိုးရဟာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေကို ရွေးချယ်ခဲ့တဲ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်တွေကိုလည်း ကြီးကြီးမားမား သြဇာ လွှမ်းမိုးခဲ့ပါတယ်။

အဲဒီ အဖွဲ့အစည်း နှစ်ခုစလုံးဟာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေက ထိုင်းစစ်တပ်က ထူထောင်တဲ့ နိုင်ငံရေးပါတီကို မျက်နှာသာပေးစေဖို့ ကိစ္စမှာ အရေးပါကြပြီး ဖွဲ့စည်းပုံ ဥပဒေ ခုံရုံးကလည်း ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဆန့်ကျင်တဲ့ ပါတီတွေကို မျက်နှာသာ မပေးတဲ့ ဆုံးဖြတ်ချက်တွေ ချစေခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကတော့ လောလောဆယ်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲဆိုင်ရာ မသမာမှု ဆိုင်ရာ ဥပဒေတွေနဲ့ တရားမစွဲသေးပေမယ့် လတ်တလော နိုင်ငံအနှံ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေနဲ့တကွ NLD ဌာနချုပ်ကို ဝင်စီးထားခဲ့ရာမှာ အခုလို တရားစွဲလို့ရအောင် ပုံဖော်တဲ့ သက်သေတွေ လုပ်လာနိုင်ပြီး နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ အရွေးခံခွင့် ပိတ်လိုက်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။

ထိုင်းဘက်ကို အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တိုက်ရိုက် ထပ်တူပြုလို့ ရမှာ မဟုတ်တဲ့ အကြောင်းတွေလည်း ရှိနေပြီး သက်ရှင်ကို မလိုလားတဲ့ ထိုင်းလူထုအများအပြားလည်း ရှိနေသလို ထိုင်းစစ်တပ်ရဲ့ နိုင်ငံရေးပါတီ PPRP က တခြားနိုင်ငံရေး ပါတီတွေထက်လည်း ရွေးကောက်ပွဲမှာ မဲပိုရပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ထားနိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန် ဖိအားကြောင့် အပြောင်းအလဲရှိမှာလား

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က မြန်မာစစ်တပ်ကို ပြစ်မှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကြေညာခဲ့ပေမဲ့ တပ်မတော် တစ်ခုလုံးအပေါ် သက်ရောက်မှုကတော့ အကန့်အသတ် ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဒဲရစ် မစ်ချယ်ကလည်း အမေရိကန်အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ အလျှော့အတင်း လုပ်ဖို့ အခြေအနေ မပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အပြောအရ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားလို အမေရိကန်ရဲ့ မဟာမိတ်တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အများကြီး လုပ်ထားကြတဲ့အတွက် အမေရိကန် အစိုးရက မြန်မာကို ဖိအားပေးဖို့ အခက်အခဲရှိပြီး သူတို့နေရာမှာ တရုတ်ရဲ့ သြဇာက အစားထိုးသွားမှာကိုလည်း စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။

ယခင် ခြုံငုံပြီး စီးပွားရေး ပိတ်ဆို့မှု လုပ်တဲ့ ပုံစံကလည်း အလုပ်မဖြစ်နိုင်ဘဲ မြန်မာစစ်တပ်ကို အဓိက ထိခိုက်စေမယ့် ပိတ်ဆို့မှုမျိုး ပုံစံချဖို့လည်း လိုသလို အမေရိကန်နိုင်ငံ အနေနဲ့ မြန်မာစစ်တပ်က တရုတ်ဘက်ကို အလွန်အကျွံ မှီခိုသွားမှာကို အစိုးရိမ်ဆုံးပဲ လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက ဝါရင့် သံတမန် တစ်ဦးကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေ အနေနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်အတွက် သူတို့ တကယ်လုပ်နေတယ်လို့ မယုံနိုင်စရာ ယူဆမှုတွေ ရှိနေရာမှာ သူတို့ လတ်တလော အာဏာသိမ်းမှု အခြေခံ လုပ်ဆောင်မှုတွေကြောင့် ယခင် ရနေတဲ့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရတော့မှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သူတို့ကို ပြောဖို့ လိုနေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်အနေနဲ့ အာဏာသိမ်းတဲ့အထိ လုပ်ပြီးကာမှ ဘယ်လို နောက်ကြောင်း ပြန်လှည့်မလဲ ဆိုတာ သူတို့ တကယ်လုပ်ဖို့ စဉ်းစားလာရင်တောင် ပြန်လှည့်ဖို့ ခက်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မထူးဇာတ်ခင်းကာ စစ်အုပ်ချုပ်ရေးကိုပဲ သက်တမ်းတိုးပြီး အုပ်ချုပ်သွားရဖို့ များနေပါတယ်။ 

BBC Burmese

https://www.bbc.com/burmese/world-56064738

မြန်မာ စစ်အာဏာသိမ်းအစိုးရ ဘာဆက်လုပ်နိုင်သလဲ  မြန်မာ စစ်အာဏာသိမ်းအစိုးရ ဘာဆက်လုပ်နိုင်သလဲ Reviewed by THITHTOOLWIN on 05:44 Rating: 5

No comments:

Powered by Blogger.