မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ စီးပွားရေးအသိုင်းအဝိုင်းနဲ့ သုံးသပ်သူတွေက မှန်းဆနေကြပါတယ်။
အာဏာသိမ်းမှုကြောင့် ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မသေချာ မရေရာတဲ့ အန္တရာယ်နဲ့ ကြုံနေကြရပြီလို့ ကုမ္ပဏီတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေ ချမှတ်ဖို့ စဥ်းစားနေကြောင်း ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက ထိရောက်မှုနဲ့ ပတ်သက်ပြီး အားကောင်းပါ့မလားဆိုတာကလည်း တွေးဆစရာပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ထားကြတာက အာရှနိုင်ငံ တွေပါ။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ မနှစ်ကလုပ်ခဲ့ကြတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment - FDI) တွေထဲ စင်ကာပူက အများဆုံးဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှု စုစုပေါင်းရဲ့ ၃၄% ရှိပါတယ်။ ဟောင်ကောင်က စုစုပေါင်းရဲ့ ၂၆% နဲ့ ဒုတိယ လိုက်ပါတယ်။
မြန်မာမှာ FDI လုပ်ဖို့ ကတိပြုထားတာက စက်တင်ဘာလက ကုန်ဆုံးခဲ့တဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၅.၅ ဘီလျံ တန်ဖိုးရှိပါတယ်။
အဲဒီထဲမှာ ဆောက်လုပ်ရေးနဲ့ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုက ၂၀% ပါဝင် ပါတယ်။
လောလောဆယ်မှာပဲ ထိုင်းရဲ့ စက်မှုဇုန် ဆောက်လုပ်ရေး ကုမ္ပဏီတွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ AMATA က မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ဒေါ်လာ ၁ ဘီလျံတန် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီလို့ NIKKEI ASIA က ရေးပါတယ်။ သူတို့ရပ်ဆိုင်းလိုက်တဲ့ အကြောင်းကတော့ စစ်အာဏာသိမ်းတာရယ်၊ နိုင်ငံတကာ ဆန်ရှင်အရေးယူမှုတွေ ဖြစ်လာနိုင်တာရယ် စတာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စွန့်ခွာသွားမှာကို သူတို့ စိုးရိမ်လာတာကြောင့်ပါ။
အဲဒီ စက်မှုဇုန်စီမံကိန်းဟာ ရန်ကုန်မြို့အပြင်နားက ဧက ၂၀၀၀ လောက် ကျယ်ဝန်းတဲ့ နေရာမှာ ဒီဇင်ဘာကစလို့ ဆောက်လုပ်ရေးတွေ စတင်နေပါတယ်။ အခုတော့ ရပ်ဆိုင်းထားလိုက်ပါပြီ။
ယူနန်ပြည်နယ်ကို မူဆယ်နယ်စပ်ကတစ်ဆင့် မြန်မာ့ဆန် တရားဝင်တင်ပို့စဥ်တရုတ်နိုင်ငံက အနိုင်ရသူ ဖြစ်လာမလား
စီးပွားရေး အတိုင်ပင်ခံအဖွဲ့ ဗက်ရီယန်နှင့် မိတ်ဖက်များ (Vriens & Partners) ဟာ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဖောက်သည်ကုမ္ပဏီတွေရဲ့ ဒေါ်လာ ၃ ဘီလျံ - ၄ ဘီလျံလောက် ပမာဏရှိတဲ့ စီမံကိန်းတွေကို ကိုင်တွယ် ဆောင်ရွက်ပေး နေတဲ့ အဖွဲ့ပါ။
အဲဒီ စီမံကိန်းတွေက စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ တယ်လီ ကွန်မြူနီကေးရှင်း စတဲ့ ကဏ္ဍတွေမှာပါ။
အဲဒီအဖွဲ့က စီမံခန့်ခွဲမှု အရာရှိ ဟန်းစ် ဗက်ရီယန်က "အဲဒါတွေအားလုံး စိတ်မချရတဲ့ အခြေအနေနဲ့ ကြုံနေရပြီ"လို့ ပြောပါတယ်။
"ကိုဗစ်ကြောင့် ဒီနိုင်ငံက ထိခိုက်နေနှင့်ပြီးသားလေ၊ ရင်းနှီးမြှုပ်နှံကြဖို့က အဲဒီ ကတည်းက ဆိုင်းနေကြတာ။ အခုတော့ အဲဒါတွေအပြင် ဒီ(အာဏာသိမ်းတဲ့) အရေးက ထပ်တိုးလာတယ်။"
အမေရိကန်ကလည်း ဆန်ရှင်ချဖို့ စဉ်းစားနေတာနဲ့အတူ စီးပွားရေးတွေက တရုတ်ဆီကို သွားပြီး မြှုပ်နှံကြနိုင်တယ်လို့လည်း မစ္စတာ ဗက်ရီယန်က ဆိုပါတယ်။
အရေးယူပိတ်ဆို့မှုရဲ့ သက်ရောက်မှု
အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က အာဏာသိမ်းတာက အခုထိ ငြိမ်းငြိမ်းချမ်းချမ်း တစုံတရာဖြစ်နေသေးတဲ့ အတွက် စိတ်သက်သာရာရနိုင်သေးတယ်လို့ ဆိုပါတယ်။
"လောလောဆယ်အထိတော့ အေးအေးချမ်းချမ်းပါပဲ၊ ဆန္ဒပြတာတွေလည်း မရှိဘူး၊ ဒါပေမဲ့ လူတွေရဲ့ စိတ်ခံစားရမှုတွေက ပြင်းတယ်၊ မကျေမနပ်လည်း အတော် ဖြစ်နေကြတယ်"
စီးပွားရေးအပေါ် ထိခိုက်သက်ရောက်လာနိုင်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်၊ ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ချမှတ်မှုနဲ့ ပတ်သက်လို့ ထိခိုက်သက်ရောက်မှု ကတော့ သူတို့ ချမှတ်မှာက အားလုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့်ချမှတ်မှာလား၊ ဒါမှမဟုတ် အာဏာသိမ်းခေါင်းဆောင်တွေကို ချမှတ်မှာလား ဆိုတဲ့အပေါ် မူတည်လိမ့်မယ်လို့ သူကဆိုပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးက အာရှနိုင်ငံတွေက ဆိုတော့ "အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်ပိတ်ဆို့မှုဟာ စိတ်ပိုင်းဆိုင်ရာ အရပဲ သက်ရောက်မှုရှိမယ်၊ ဒါပေမဲ့ ဒေါ်လာတွေကတော့ စီးဝင်လာဦးမှာပဲ၊ ကျွန်တော်တို့ နိုင်ငံက ဘယ်တော့မှ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ မမှီခိုခဲ့ဘူး။"
တာဝန်ခံမှုရှိတဲ့ ကုမ္ပဏီတွေကို အပြစ်ပေးတဲ့ ဆန်ရှင်အရေးယူဆောင်ရွက်မှုထက် ဆက်ဆံဆောင်ရွက်မှုက ပိုကောင်းလိမ့်မယ်လို့ သူက ပြောပါတယ်။
" ဆန်ရှင်ချမှတ်ခံရရင် ဥရောပနဲ့ အမေရိကန်က စံနှုန်းတွေကို လိုက်နာပြီး တာဝန်ခံမှုရှိတဲ့ ကုမ္ပဏီတွေက အထိခိုက်ဆုံးဖြစ်နေတာကတော့ မသင့်တော်ဘူး။"
စီးပွားဖွံ့ဖြိုးမှုနှုန်း နှေးကွေး
မြန်မာရဲ့ ဒီဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးက တုံ့နှေးနေပြီး ၂% တဝိုက်လောက် သာတိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေက ညွှန်းဆို နေပါတယ်။ ဆင်းရဲမွဲတေမှုနှုန်းကလည်း ၂၀၁၉ ခုနှစ် အကုန်တုန်းက ၂၂.၄% ရှိရာကနေ ၂၇% ရာခိုင်နှုန်း အထိတိုးလာမယ့်လို့ မှန်းဆနေပါတယ်။
ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းပေးတဲ့ အဖွဲ့ ဖြစ်တဲ့ Fitch Solutions က အန်ဝီတာ ဘာဆုက ဘီဘီစီကို ပြောရာမှာ နောက်ဘဏ္ဍာရေးနှစ်မှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၆%ရှိမယ်လို့ အာဏာသိမ်းတာ မတိုင်ခင်အခြေအနေတွေ တုန်းက မှန်းခဲ့ကြတယ်၊ အခုတော့ အဲဒီထက် တစ်ဝက်လောက်အထိ ကျသွားမယ်လို့ သူတို့ မှန်းကြောင်း ဆိုပါတယ်။
မစ္စ ဘာဆုက အာဏာသိမ်းမှုကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို သိသာတဲ့ သက်ရောက်မှု ဖြစ်လာမလားဆိုတဲ့အပေါ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
"ဒီအာဏာသိမ်းတဲ့အရေးနဲ့ ပတ်သက်ပြီး အကြီးမားဆုံးထိခိုက်သွားနိုင်တာကတော့ အာရှက ရင်းနှီးမြှုပ်နှံသူတွေပဲ။ ဒါကြောင့်မို့ အဲဒီနိုင်ငံတွေက တုံ့ပြန်တာတွေကို ကြည့်ရင် သတိထားပြီး ပြောနေတာတွေကို တွေ့ရလိမ့်မယ်။"
တရုတ်နိုင်ငံအဖို့လည်း "သိပ်အဆင်မပြေတဲ့ အခြေအနေ"ကို ကြုံရတာလို့ သူက ပြောပါတယ်၊ သူ့ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ကြောင်း စီမံကိန်းအတွက် မြန်မာနိုင်ငံမှာ အတော်လေး ရင်းနှီးထားတာပါ၊ အဲဒီမှာ နိုင်ငံရေးအရ မတည်မငြိမ် ဖြစ်လာရင် သူလည်း စိုးရိမ်မှာ အမှန်ပါပဲလို့ မစ္စ ဘာဆုက ပြောပါတယ်။
BBC Burmese
No comments:
Post a Comment