မြန်မာ့အရေးလှုပ်ရှားမှုမှာ ပူးပေါင်းဖို့ ဝါရှင်တန်အခြေစိုက် သံအမတ်ကြီးကို တက်ကြွသူတွေတိုက်တွန်း

ဖေဖေါ်ဝါရီ(၂၇) စနေနေ့က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ ( photo - VOA မြန်မာပိုင်းသတင်းထောက် )

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် မြန်မာသံတမန်တွေကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ လတ်တလော အခြေအနေအရ ပူးပေါင်းဖို့ အခြေအနေ မပေးသေးဘူးလို့ တုံ့ပြန်လိုက်ကြောင်း စနေနေ့က ဝါရှင်တန်ဒီစီသံရုံးမှာ သံအမတ်ကြီး အပါအဝင် မြန်မာသံတမန်တွေနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုရင်အေးက ပြောပါတယ်။

“ဝါရှင်တန်ဒီစီက သံအမတ်ဆိုတာ အင်မတန်အရေးပါတဲ့ သံတမန်တဦးဖြစ်တယ်။ UN အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အနေနဲ့လည်း လူထုဖက်ကနေ ရဲရဲရင့်ရင့် ရပ်တည်သွားပြီ ဆိုတဲ့အနေအထားကိုလည်း ကျနော်တို့ တင်ပြတယ်။ နောက်ထပ် အရေးအကြီးဆုံးက အမေရိကန်က သံရုံးတွေမှာ အင်မတန်အရေးပါတဲ့ သံရုံးရဲ့ သံအမတ်ကြီးရဲ့ ရပ်တည်ချက်က လူထုတွေရဲ့ အသက်ပေါင်းများစွာကိုလည်း ကယ်ဆယ်ပေးနိုင်တယ်၊ အမှန်တရားဖက်ကို အများကြီးကို ရောက်သွားနိုင်တဲ့ အနေအထား ဆိုတာမျိုးကို ကျနော်တို့ တင်ပြပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က ဖယ်ရှားခဲ့တဲ့ အရပ်သားအစိုးရကို ဆက်လက် သစ္စာခံကြောင်းနဲ့ အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ သောကြာနေ့က ပြောဆိုလိုက်ပြီးနောက် နောက်ထပ် နိုင်ငံတကာရောက် မြန်မာသံတမန်တွေ ပူးပေါင်းပါဝင်လာဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေ တိုက်တွန်းနေကြတာပါ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ မြန်မာလူထုနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း တိုက်တွန်းထားပါတယ်။

ဒါပေမဲ့လည်း ဖေဖေါ်ဝါရီ ၂၇ (စနေနေ့) ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့ကို သွားရောက်ပြီး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြခဲ့သူ တချို့က သံအမတ်ကြီး ဦးအောင်လင်းနဲ့တွေ့ဆုံပြီး ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းနည်းတူ လူထုအစိုးရဘက်ကို ထောက်ခံပါဝင်ပေးဖို့ တိုက်တွန်းခဲ့ပေမယ့် သံအမတ်ကြီးကတော့ - ဖြစ်နေတာတွေဟာ မတရားဘူးဆိုတာ လက်ခံပေမယ့် လက်ရှိတာဝန် ဝတ္တရားတွေအရ အဲဒီလို ပါဝင်ပေးဖို့ မဖြစ်နိုင်သေးကြောင်း ပြန်ကြားခဲ့ပါတယ်လို့ ကိုရင်အေးက ပြောပါတယ်။

“သူတို့ရဲ့ မဖြစ်မနေ ထမ်းဆောင်ရတဲ့ တာဝန်တွေ ရှိနေပါတယ်။ ဒီထမ်းဆောင်တဲ့ တာဝန်တွေကို ဒီဖက်က CRPH လိုမျိုး နိုင်ငံတကာကနေ အသိအမှတ်ပြုမှုတွေ အဆင့်အတန်းတွေ မြင့်လာပြီ ဆိုလို့ရှိရင်၊ တကမ္ဘာလုံးကနေ အသိအမှတ်ပြုမှုတွေ များလာပြီ ဆိုတဲ့အချိန်မှာတော့ ဒါက တမျိုးဖြစ်သွားနိုင်ပါတယ် ဆိုတဲ့အနေအထားမျိုး။ ဒါပေမဲ့ သူကတော့ ပြောပါတယ်၊ ဒါတွေက မတရားမှုဆိုတာ သူလည်း လက်ခံပါတယ်၊ ဒါကိုလည်း သူတို့ ခံစားရပါတယ်။ ဒါပေမဲ့သူတို့မှာ Code of Conduct ပေါ့နော်၊ ဒါတွေအရ ရပ်တည်ပေးလို့ မရသေးတဲ့ အနေအထားတွေ ရှိနေသေးတယ်ဆိုတာမျိုးတွေ ပြောပါတယ်။”

မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးအောင်လင်းကို တိုက်ရိုက် မေးမြန်းဖို့ ဆက်သွယ်ပေမဲ့ တုံ့ပြန်မှုတော့ မရခဲ့ပါဘူး။ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုချက် ထွက်ပေါ်ခဲ့ပြီးနောက် သံအမတ်ကြီး ဦးအောင်လင်းရဲ့ သဘောထားကို သိနိုင်ဖို့ ထပ်မံဆက်သွယ်ခဲ့ပေမဲ့လည်း တုံ့ပြန်မှု မရခဲ့ပါဘူး။ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမောင်မောင်လတ်ကတော့ မကြာသေးခင်ကပဲ ရာထူးကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။


ကိုအောင်လွင်ဦး/ VOA Burmese

ကိုခင်မောင်စိုးမင်း

https://burmese.voanews.com/a/organize-dc-myanmar-ambasador-to-defect/5795742.html

မြန်မာ့အရေးလှုပ်ရှားမှုမှာ ပူးပေါင်းဖို့ ဝါရှင်တန်အခြေစိုက် သံအမတ်ကြီးကို တက်ကြွသူတွေတိုက်တွန်း မြန်မာ့အရေးလှုပ်ရှားမှုမှာ ပူးပေါင်းဖို့ ဝါရှင်တန်အခြေစိုက် သံအမတ်ကြီးကို တက်ကြွသူတွေတိုက်တွန်း Reviewed by THITHTOOLWIN on 08:33 Rating: 5

No comments:

Powered by Blogger.