ဆန္ဒပြပွဲတွေမှာ ဝန်ထမ်းတွေပိုများလာသလို ဖိအားပေးခံရတာလည်းများ




ဝန်ကြီးဌာနပေါင်းစုံက ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေဟာ၊ နေပြည်တော်မြို့လယ် လူစည်ကားရာနေရာတွေ ဖြစ်တဲ့ စည်ပင်ဧည့်ရိပ်သာ၊ ဝန်ထမ်းအိမ်ရာအများစုရှိရာ ဧကတစ်ထောင်အဝိုင်း၊ ကုန်သည်စက်မှူ အသင်းချုပ် (UMFCCI) အဆောက်အဦးအနီး စတဲ့နေရာ ၃ ခုမှာ ဒီကနေ့ စစ်ကြောင်း ၃ ခုခွဲပြီး အာဏာသိမ်း စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ပထမတစ်ခုက နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားတွေပါဝင်တဲ့ ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာ စစ်ကြောင်းဖြစ်ပြီး၊ ဒီကနေ့မနက် ၈ နာရီလောက်ကစလို့ စည်ပင်ဧည့်ရိပ်သာအနီးမှာ ဆန္ဒပြခဲ့ကြတာပါ။

အင်အားတစ်ထောင်ခန့်ရှိတဲ့ အင်ဂျင်နီယာစစ်ကြောင်းဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှေ့ကနေ နေပြည်တော် ကောင်စီရုံးအနီးမှာရှိတဲ့ ဇီဇဝါအဝိုင်း၊ အဲဒီကနေ စည်ပင်ဧည့်ရိပ်သာရှေ့ထိ တစ်ပတ်ပတ်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြသူတွေထဲမှာ CDM လှုပ်ရှားမှုလုပ်ဆောင်နေတဲ့ ဌာနဆိုင်ရာအစိုးရဝန်ထမ်း အင်ဂျင်နီယာတွေ ပါဝင်သလို၊ ပြင်ပကုမ္ပဏီတွေက ဆောက်လုပ်ရေးဝန်ထမ်း အင်ဂျင်နီယာတွေလည်း ပါဝင်ပါတယ်။

စစ်အစိုးရလက်အောက် ခါးသီးမှုတွေကို နောက်မျိုးဆက်တွေကို မခံစားစေချင်လို့ ကန့်ကွက်ဆန္ဒပြတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ လုပ်သက်ရင့် အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့လုပ်ရပ်ဟာ တည်ဆဲ ၂၀၀၈ အခြေခံဥပဒေနဲ့ လုံးဝမညီဘူးလို့လည်း သူက ဝေဖန်သွား ပါတယ်။

သစ်တော၊ ပညာရေး၊ လျပ်စစ်နဲ့ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဌာနပေါင်းစုံက ဝန်ထမ်းအင်အား လေးထောင်ကျော်ပါဝင်တဲ့ ဒုတိယစစ်ကြောင်းကလည်း၊ နေပြည်တော်က ဝန်ထမ်းအိမ်ရာအများစုရှိရာ ဧကတစ်ထောင်အနီးမှာ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဝန်ထမ်းတွေဟာ နိုင်ငံရေးကို အပြည့်အဝ နားမလည်ပေမယ့်၊ ကိုယ့်ခေါင်းဆောင်ကို ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းသွားတာကို မကျေနပ်လို့၊ အခုလို ကန့်ကွက်ဆန္ဒပြတာလို့ သစ်တောဝန်ထမ်း တစ်ဦးက ပြောပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ဝန်ထမ်းတွေကို၊ အာဏာသိမ်းစစ်အစိုးရက ဖိအားပေး ခြိမ်းခြောက်တာတွေရှိပေမယ့် လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရ ပြန်တက်လာတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းတစ်ဦးကတော့ နေပြည်တော်က ဝန်ထမ်းတွေနဲ့အတူ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ စီးပွားရေးဘဏ် ဝန်ထမ်းအားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာ့စီးပွားရေးဘဏ်နဲ့ အင်ဂျင်နီယာတွေ အပါအဝင် ဝန်ထမ်းအင်အား နှစ်ထောင်ကျော်စုပေါင်းပြီး နေပြည်တော် ဘောဂသိဒ္ဓိရပ်ကွက်မှာ ကန့်ကွက်ဆန္ဒပြဖို့ မူလက စီစဉ်ခဲ့ပေမယ့်၊ ရဲတပ်ဖွဲ့က သတင်းရပြီး ကြိုရောက်လာတာမို့ အုပ်စုနှစ်စု၊ စစ်ကြောင်းနှစ်ခုခွဲပြီး ကန့်ကွက်ဆန္ဒပြတာလို့ အဲဒီဘဏ်ဝန်ထမ်းက ပြောပါတယ်။

ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကုလသမဂ္ဂရုံးအနီး၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့ တတိယစစ်ကြောင်းမှာလည်း လူတစ်ထောင်ကျော် ပါဝင်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးကိုလှည့်လည်ပြီး သစ်ပင်စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ 3G အဖွဲ့ဝင် ဝန်ထမ်းတစ်ဦးက

“မြန်မာနိုင်ငံက မတရားမှုကို ကုလသမဂ္ဂ အပါအဝင် တစ်ကမ္ဘာလုံးကပါ သိစေချင်တာကြောင့် UN ရုံးအနီးမှာ ဆန္ဒလာပြတာ” လို့ ပြောပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ဒီလှုပ်ရှားမှုမှာ တစ်နိုင်ငံလုံးက ဝန်ထမ်းအားလုံး ပါဝင်ဖို့ တိုက်တွန်းထားပါတယ်။

အစိုးရဝန်ကြီးဌာနအားလုံး ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်မှာ လူဦးရေ တစ်သန်းခန့် နေထိုင်ပြီး အဲဒီထဲက သုံးပုံတစ်ပုံဟာ အစိုးရဝန်ထမ်းတွေဖြစ်ပါတယ်။

“နိုင်ငံ့ဝန်ထမ်းတွေအားလုံး စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့နဲ့ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ မူလရာထူးတာဝန်တွေ တည်မြဲရေးအတွက်၊ ဥပဒေပြဌာန်းပြီး အပြည့်အဝ အာမခံချက် ပေးသွားမယ်” လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကနေ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မန္တလေးတိုင်း NLD အစိုးရကလည်း “လက်နက်အားကိုးနဲ့ စစ်အာဏာသိမ်းတာဟာ တရားမဝင်ကြောင်း” ဖေဖော်ဝါရီ ၁၀ ရက်၊ မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မန္တလေးတိုင်း NLD အစိုးရ ဝန်ကြီးချုပ်ကိုယ်စား၊ သယံဇာတတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီး၊ မန္တလေးတိုင်းအတွင်းရှိ ဝန်ထမ်း အားလုံးကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေနဲ့ အစိုးရသစ်ဖွဲ့နိုင်တဲ့အချိန်ထိ တရားဝင် ရုံးပိတ်ရက် သတ်မှတ်ပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။

ခုလို နိုင်ငံဝန်ထမ်းတွေ ဆန္ဒပြပွဲတွေမှာ ပါဝင်လာသလို၊ ဆန္ဒပြပွဲမှာ မပါဝင်ဖို့ ဖိအားပေးခံနေရတာတွေ ခြိမ်းခြောက်နေတာတွေလည်း ရှိပါတယ်။ ဝန်ထမ်းတွေကို အထက်အရာရှိတွေက တာဝန်ပျက်ကွက်မှု၊ ဝန်ထမ်းစည်းမျဉ်းဥပဒေတွေ ချိုးဖောက်မှု တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက် နေတယ်လို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သူတို့ကို တည်ဆဲဥပဒေနဲ့ အရေးယူမယ်။ ကိုတင်မက မိဘဆွေမျိုးတွေပါ ထိခိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ မပါဝင်ဖို့၊ CDM လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ မျှဝေတာ တွေမလုပ်ဖို့ ဝန်ခံကတိတွေကို မြို့နယ်အရာရှိ၊ ခရိုင်အရာရှိ၊ ပြည်နယ်အရာရှိတွေက အဆင့်ဆင့်က ဖုန်းနဲ့ညွှန်ကြားပြီး ခံဝန်ကတိတွေ ထိုးခိုင်းတယ်လို့လည်း ဆိုပါတယ်။

ဖိအားပေးမှုတွေ ရှိနေပေမယ့်လည်း CDM လှုပ်ရှားမှုကို ရပ်တန့်လိုက်မှာ မဟုတ်ဘူးလို့ လူမှုဝန်ထမ်း ဦးစီးဌာနက အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ ဒီလိုမျိုးဖိအားပေးပြီး လက်မှတ်ထိုးခိုင်းတာမျိုးဆိုရင် ညီမတို့ကတော့ နောက်ဆုံးထိ စဉ်းစားထားတယ်။ ညီမတို့ အနာဂတ်တွေ အများကြီးှရှိတယ်။ ဒါပေမဲ့ ညီမတို့ ဝန်ထမ်းတစ်ဦးအနေနဲ့ အနာဂတ်တွေကို လည်း ရင်းနိုင်တယ်။ ညီမတို့ ဘဝတွေကိုလည်းရင်းပြီး အလုပ်ထွက်လိုက်မယ်။ နောက်ဆုံး ဆုံးဖြတ်ချက် ပဲ။ အလုပ်ထုတ်ခဲ့ရင်တောင် ခံယူလိုက်မယ် “

တပ်မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ Civil Disobedience Movement မှာ ဌာနအသီးသီးက အစိုးရဝန်ထမ်းတွေ အရှိန်အဟုန်မြင့် ပါဝင်လာကြတာပါ။ ဒီလို CDM ထဲမှာ ပါဝင်လာတာကြောင့် ဖိအားပေးခြင်း ခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အထွေထွေဦးစီးဌာနက ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

“စစချင်းတော့ ကျွန်တော်တို့ကို အနုနည်းနဲ့ ခေါ်တာပေါ့နော်။ ရုံးပြန်တက်ကြပါ။ ရုံးမလာတဲ့ ရက်တွေကို ခွင့်ရက်တွေ သတ်မှတ်ပေးမယ်။ အပြစ်ယူခြင်းလည်း မရှိပါဘူးဆိုပြီးတော့ပေါ့။ အဲလိုမရတဲ့အခါမှာ နည်းနည်းတော့ ဖိအားသုံးလာတယ်။ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ အရေးယူမယ်ဆိုတဲ့အကြောင်း တွေ ပြောလာတယ်။ ကျနော်တို့က ပြတ်ပြတ်သားသားပဲ ရုံးတွင်းကို ပြန်ခြေမချနိုင်ဘူး။ ကျွန်တော်တို့ ခန့်အပ်ထားတဲ့ အစိုးရမဟုတ်တဲ့အတွက် ရုံးလုပ်ငန်းတွေနဲ့ သက်ဆိုင်တာတွေ ဘာမှမလုပ်နိုင်ဘူး“

CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မုံရွာမြို့ အထွေထွေဦးစီးဌာနက ဝန်ထမ်းတစ်ဦး ပြောသွားတာပါ။

လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေဟာ ကိုယ့်အခွင့်အရေးကို ကိုယ်ဖော်ထုတ်တာဖြစ်ပြီး ဒီအပေါ်မှာ ဖိအားပေးတာဟာ နိုင်ငံတကာပြဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ သတိပေးပါတယ်။

“နိုင်ငံဝန်ထမ်းတွေဟာ အစိုးရဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးမှာ မပါဝင်ရဘူးလို့ ပြောတယ်။ စစ်တပ်ကလည်း နိုင်ငံရဲ့ ဝန်ထမ်းဖြစ်တယ်။ အဲတော့ စစ်တပ်ကိုယ်တိုင်က နိုင်ငံရေးမှာ ပါဝင်နေတာကို အခုလို အာဏာသိမ်းတဲ့အထိ ဖြစ်နေတာကြောင့် ဒီနိုင်ငံရေး ကိစ္စအခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံ့ဝန်ထမ်းတွေက အလုပ်မဆင်းဘဲနဲ့ ကန့်ကွက်ဆန္ဒပြတာ သူတို့ရဲ့ အခွင့်အရေးပဲ။ CDM လှုပ်ရှားမှုမှာ ပါတာက သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးပဲ။ ထောက်ခံသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ သူတို့ရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် မည်သည့်အဖွဲ့အစည်းမှ ဒါကို အရေးယူတာ လုပ်လို့မရဘူး။ တကယ်လို့ အရေးယူတာမျိုးတွေ ဖိအားပေးတာမျိုးတွေ ဖြစ်လာရင် နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ် “

အစိုးရယန္တရားမလည်ပတ်နိုင်အောင် ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ အာဏာရှင်ဖီဆန်ရေး CDM ထဲမှာ ပါဝင်ကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က လူမှုကွန်ရက် စာမျက်နှာကတဆင့် ပန်ကြားထားပါတယ်။

CDM လှုပ်ရှားမှုကိုထောက်ခံပြီး ပြည်တွင်း ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ ပါဝင်လာတာကြောင့် ဘဏ်လုပ်ငန်းတွေ ယာယီပိတ်ထားရပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသလို ဘဏ်တွေပြန်လည်ပတ်နိုင်ရေး ကူညီပေးဖို့ ဗဟိုဘဏ်ကလည်း ကြေညာချက် ထုတ်ထားပါတယ်။

အာဏာသိမ်းစစ်အစိုးရက ဖွဲံစည်းထားတဲ့ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီကတော့ နိုင်ငံ့တာဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်နေသူတွေကို ဥပဒေနဲ့အညီြ ပင်းထန်စွာအရေးယူသွားမယ်လို့ မနေ့က သတင်းထုတ်ထားပါတယ်။ ရုံးတက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မသမာသူတွေက နည်းအမျိုးမျိုးနဲ့ ဖိအားပေးတာ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေကြောင်းနဲ့ အဲဒီလိုအခြေအနေတွေကို နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ တိုင်ကြားဖို့ဆိုပြီး ဖုန်းနံပတ်တွေလည်း ကြေညာထားပါတယ်။ ပြည်ထောင်စုအစိုးရရုံးစိုက်ရာ နေပြည်တော်အပါအဝင် မြို့ကြီးတွေက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်မှု တနေ့တခြား များလာတယ်လို့ ဦးဆောင်သူတွေက ပြောကြပါတယ်။

ပြည်သူမထောက်ခံတဲ့ ဝန်ကြီးတွေ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တာလို့ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ညီမတို့က ပုဂ္ဂိုလ်စွဲ ပါတီစွဲနဲ့ အလုပ်လုပ်တာ မဟုတ်ဘူး ။ ညီမတို့ရဲ့ ဝန်ကြီးက ပြည်သူအများက ထောက်ခံတယ်ဆိုရင် ညီမတို့ ဝန်ထမ်းတွေ အလုပ်ဆက်လုပ်ဖို့ ဝန်မလေးဘူး။ အခုက ဘယ်သူမှ မထောက်ခံဘဲနဲ့ ပါတီအနေနဲ့လည်း ရှုံးနိမ့်ထားတဲ့ ပါတီကလူက ဝန်ကြီး တက်လာတာကြောင့် ညီမတို့ မခံမရပ်နိုင်ဖြစ်ပြီး ဝမ်းနည်းတယ်”

ရုံးမတက်နဲ့ ရုန်းထွက်ကြဆိုတဲ့ လှုပ်ရှားမှုကို တစ်နိုင်ငံလုံးက ဝန်ထမ်းတွေပါဝင်ဖို့နဲ့ ပါဝင်တဲ့ဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံရလို့ စားသောက်နေထိုင်ရေး အခက်အခဲရှိလာခဲ့ရင် အကူအညီပေးဖို့လည်း ပြင်ဆင်နေတဲ့ အဖွဲ့တွေရှိနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရသစ် ဖွဲ့စည်းပြီးတဲ့အချိန်ထိ ပြည်သူ့ ဝန်ထမ်းတွေကို အလုပ်ပိတ်ထားကြောင်း တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့အသီးသီးက ကြေညာထားသလို CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေရဲ့ မူလတာဝန်နဲ့ ရာထူးတွေကို ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်း ပြီး ကာကွယ်ပေးမယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ ကြေညာလိုက်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်အာခံ ဖီဆန်တာဟာ မိမိတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို တရားနည်းလမ်း ကျစွာ ခုခံကာကွယ်တဲ့လှုပ်ရှားမှုဖြစ်တာကြောင့် ဥပဒေနဲ့ ညီညွတ်တဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းထားပါတယ်။




RFA Burmese
ဆန္ဒပြပွဲတွေမှာ ဝန်ထမ်းတွေပိုများလာသလို ဖိအားပေးခံရတာလည်းများ ဆန္ဒပြပွဲတွေမှာ ဝန်ထမ်းတွေပိုများလာသလို ဖိအားပေးခံရတာလည်းများ Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.