ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်အင်အားသုံးမှု ကုလလူ့အခွင့်အရေးရုံး ရှုတ်ချ



မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေအပေါ် အင်အားသုံးတာ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံးက စစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နေတဲ့အပေါ်လည်း ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း မြန်မာနိုင်ငံတဝန်းက နေရာတော်တော်များများမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြသူတွေကို ရဲနဲ့ စစ်တပ်က သေစေလောက်တဲ့ အင်အားနဲ့ရော အသက်သေစေလောက်အောင် မပြင်းထန်တဲ့ အင်အားတွေနဲ့ပါ ရင်ဆိုင်တုံ့ပြန်တဲ့အတွက် ၁၈ ယောက်ထက်မနည်းသေဆုံးပြီး ၃၀ လောက် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ရန်ကုန်၊ မန္တလေး၊ မြိတ်၊ ထားဝယ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ လူအုပ်ထဲကို ကျည်အစစ်တွေနဲ့ ပစ်ခတ်လို့ သေဆုံးသူတွေရှိတယ်ဆိုတာ သိထားတယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ နေရာတော်တော်များများမှာ မျက်ရည်ယိုဗုံးတွေ၊ အာရုံကြောကို ရုတ်တရက် ထိခိုက်စေတဲ့ flash-bang တွေ stun grenade တွေ အသုံးပြုတယ်လို့ သိထားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင်နဲ့ ဒီမိုကရေစီစနစ် ပြန်ရအောင် တောင်းဆိုခွင့်ရှိတယ်လို့လည်း ပြောထားပါတယ်။ အကြမ်းမဖက် ဆန္ဒပြသူတွေအပေါ် သေစေလောက်တဲ့ အင်အားသုံးတာဟာ နိုင်ငံတကာ ဘယ်လူ့အခွင့်အရေးစံနဲ့မှ ဖြေရှင်းလို့ မရဘူးလို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောခွင့်ရ Shamdasani ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့ဝင်တွေအပါအဝင်၊ ဥပဒေမဲ့ဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးပါလို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ထပ်တောင်းဆိုထားသလို၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်ရအောင် ကြိုးစားနေသူတွေ၊ ဆန္ဒပြသူတွေနဲ့ တသားထဲရပ်တည်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြသရမယ်လို့ ပြောကြားထားပါတယ်။



ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/myanmar-military-coup-protest-voa-burmese-un-hr-condemn-/5796035.html

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်အင်အားသုံးမှု ကုလလူ့အခွင့်အရေးရုံး ရှုတ်ချ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်အင်အားသုံးမှု ကုလလူ့အခွင့်အရေးရုံး ရှုတ်ချ Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.