တရုတ်သံရုံးရှေ့ ဆန္ဒပြမြင်ကွင်း။ ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၁။ (ဓာတ်ပုံ-စည်သူနိုင်) |
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ကူညီနေတယ်လို့ သတင်းတွေထွက်လာပြီးနောက် တရုတ်နိုင်ငံအပေါ် ဆန္ဒပြသူတွေ ဖိအားပေး တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒီကနေ့မှာဆိုရင်လည်း ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေက မြန်မာစစ်တပ်ကို အားပေးကူညီတာတွေ မလုပ်ဖို့ တောင်းဆိုခဲ့ကြတာပါ။ မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်မှုအပေါ် သဘောထား အမြင်တွေကိုတော့ VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက စုစည်းတင်ပြပါမယ်။
အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို အကူအညီပေးဖို့ ပညာရှင်တွေနဲ့ နည်းပညာပစ္စည်း အထောက်အပံ့တွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံကို ဖိအားပေးတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာပါ။ ဒီနေ့မှာဆိုရင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေက အာဏာသိမ်းထားတဲ့ စစ်တပ်ကို အားပေးကူညီတာတွေ မလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
“ဒီစစ်တပ်ကနေ မတရား လွတ်လပ်ခွင့်တွေ၊ ဖော်ပြခွင့်တွေကို ပိတ်ပင်ဖို့အတွက် အင်တာနက် Server တွေကို ပိတ်ပင်ဖို့အတွက် တရုတ်ကနေ အကူအညီယူနေတယ် ကြားပါတယ်။ အဲ့ဒီအကူအညီကို ပိတ်ပင်ပေးဖို့ပါ။ တရုတ်အစိုးရကိုလည်း ရှုံချပါတယ်။ အဲ့ဒီကိစ္စကို ဖော်ထုတ်ချင်လို့ တရုတ်သံရုံးကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။”
တရုတ်နိုင်ငံက နည်းပညာဆိုင်ရာ ပစ္စည်းတွေနဲ့ ကျွမ်းကျင်သူတွေကို မကြာသေးခင်ကပဲ လေကြောင်းကနေ ပို့ဆောင်ပေးခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေဟာ မမှန်ကြောင်း တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ နိုင်ငံခြားရေးဌာနကလည်း သတင်းအတုတွေကို မယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတဲ့ တရုတ်နိုင်ငံဟာ သူ့အကျိုးစီးပွားအတွက် အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်ခံအားပေးမှာကိုလည်း တက်ကြွလှုပ်ရှားသူတွေ စိုးရိမ်နေကြတာပါ။ ဒါကြောင့်လည်း တရုတ်နိုင်ငံအပေါ် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က ပြောပါတယ်။
“နိုင်ငံတကာမှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေမှာ ဖြစ်ဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာဖြစ်ဖြစ် မြန်မာအရေးနဲ့ ပတ်သက်ရင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ပတ်သက်ရင် တရုတ်နဲ့ ရုရှားဟာ ကြိမ်ဖန်များစွာ ကာကွယ်ပေးနေတာမျိုးတွေ ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာကြုံခဲ့ရတာဖြစ်ပါတယ်။ အဲ့လို တရုတ်နဲ့ ရုရှားလိုနိုင်ငံတွေကသာ ကျွန်တော်တို့ ပြည်သူတွေနဲ့ အတူရှိခဲ့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီစစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့က အများကြီး လွယ်ကူသွားမှာဖြစ်ပါတယ်။ နေ့ချင်းညချင်းတောင် အောင်မြင်သွားနိုင်တဲ့အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်။ တရုတ်သည် သူ့ရဲ့ Super Power ဆိုတဲ့နေရာမှာ သူတို့ ဂုဏ်သိက္ခာတည်ဆောက်ဖို့လိုတယ်ပေါ့နှော်။ အဲ့တာကြောင့်မို့လို့ သူတို့အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့လိုပါတယ်။”
မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းက ဆွေးနွေးတိုင်ပင်မှုတွေမှာ တရုတ်နိုင်ငံက နှုတ်ဆိတ်နေတယ်လို့လည်း အမေရိကန်က မကြာသေးခင်ကပဲ ပြောဆိုထားသလို၊ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖိအားပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းထားတာပါ။ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ ပြည်တွင်း၊ ပြည်ပက ဖိအားတွေ တိုးလာနေချိန်မှာ တရုတ်နိုင်ငံအနေနဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းရှိဖို့ လိုတယ်လို့ မြင်ပါတယ်။
“ဒီလိုအချိန်မှာတရုတ်ရဲ့ Stand ကို ပြတ်ပြတ်သားသားပေါ်လွင်အောင်မပြောဘူး။ နောက်ပြီးတော့ ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရ အာဏာသိမ်းအစိုးရကို အားပေးသလိုဖြစ်နေပါတယ်ဆိုတာကို သူသိပါတယ်။ သိဖို့လိုတယ်။ အဲ့ဒါကြောင့်မြန်မာပြည်သူလူထုကလည်း ဒီဟာကို မကြိုက်ပါဘူးဆိုတာကို ပြရမယ်။ လူထုကလည်း သူတို့ အစီအစဉ်ထဲမှာ လူထုရဲ့ဆန္ဒ ဒီလောက် ကြီးလာလိမ့်မယ်လို့ မထင်ဘူးနဲ့တူပါတယ်။ လူထုက ဒီလောက် ဆန္ဒပြင်းပြနေတဲ့ အချိန်မှာ စစ်တပ်အပေါ်မှာ ဖိအားပေးဖို့ကတော့ လိုလိမ့်မယ်။ တရုတ်က ဖိအားပေးမယ်ဆိုရင်တော့ ထိရောက်လိမ့်မယ်။”
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံက အခြေအတွေအပေါ် စိုးရိမ်ကြောင်းနဲ့ သက်ဆိုင်သူတွေကြား ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့တုန်းကပဲ ပြောဆိုထားတာပါ။ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုကတော့ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်တွေ၊ ပတ်သက်ဆက်နွယ်သူတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမယ့်အကြောင်း မနေ့တုန်းကပဲ သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင် ကြေညာထားပါတယ်ရှင်။
အိမ့်သန္တာထွန်း/ VOA Burmese
No comments:
Post a Comment