တရုတ်လေယာဉ်ကိစ္စ ပုံမှန်ကုန်တင်လေယာဉ်များဟု တရုတ်သံအမတ်ဖြေကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai (ဓာတ်ပုံ - Chinese Embassy in Myanmar - ဇန်နဝါရီ ၂၆၊ ၂၀၂၁)

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို တရုတ်နိုင်ငံက လုံးဝ မမြင်တွေ့လိုပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က ဒီကနေ့ပြောပါတယ်။

ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ The Voice ၊ Eleven ၊ 7Day ၊ Myanmar Times ၊ Frontier တို့က စာနဲ့ ဆက်သွယ်မေးမြန်းတာမှာ တရုတ်သံအမတ်ကြီးက အဲဒီလိုဖြေဆိုထားတာဖြစ်ပြီး အမေးအဖြေ အပြည့်အစုံကို ရန်ကုန်မြို့၊ တရုတ်သံရုံးရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ တရုတ်နည်းပညာသမားတွေ မြန်မာနိုင်ငံကိုပို့တယ်။ အွန်လိုင်းဆက်သွယ်ရေးကို ပိတ်ပင်ကန့်သတ်ဖို့ တရုတ်က Firewall ဆောက်ပေးတယ်။ တရုတ်စစ်သားတွေကို မြန်မာနိုင်ငံလမ်းတွေပေါ်မှာ တွေ့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လုံးဝအခြေအမြစ်မရှိဘဲ အရမ်းရယ်စရာကောင်းတယ်လို့ တရုတ်သံအမတ်ကြီးက ပယ်ချပါတယ်။

တရုတ်နဲ့မြန်မာကြား လေယာဉ်တွေ ပျံသန်းနေတာဟာ ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်တွေဖြစ်ပြီး ပင်လယ်စာလို မြန်မာ့ထွက်ကုန်တွေကို ပိုနေ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ရော တပ်မတော်နဲ့ပါ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး မြန်မာ့နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းတည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီးတော့ ဆက်လက်ပါဝင်သွားမယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို အားပေးထောက်ခံတာမလုပ်ဖို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတွေက ရန်ကုန်မြို့၊ တရုတ်သံရုံးရှေ့မှာ နေ့စဉ်ဆိုသလို ဆန္ဒပြတောင်းဆိုနေချိန်မှာပဲ တရုတ်သံအမတ်ကြီးက ပြည်တွင်းသတင်းဌာနတွေ မေးမြန်းတာကို ဖြေဆိုခဲ့တာပါ။

တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထပ်ထွက်မလာဖို့ မေ ျှာ်လင့်တယ်လို့ သံအမတ်ကြီး Hai ကဆိုပြီး တကယ်လို့ ထပ်ထွက်လာမယ်ဆိုရင်တော့ နောက်ကွယ်မှာ တခြားအကြံအစည်ရှိတဲ့ အင်အားစုက ထိန်းချုပ်ဖြန့်ဝေနေတာကို ဖော်ပြနေတယ်ဆိုပြီးတော့လည်း ဘယ်အင်အားစုဆိုတာကို အတိအကျမပြောဘဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က ပြောထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-and-chinese-ambassador/5780105.html

တရုတ်လေယာဉ်ကိစ္စ ပုံမှန်ကုန်တင်လေယာဉ်များဟု တရုတ်သံအမတ်ဖြေကြား တရုတ်လေယာဉ်ကိစ္စ ပုံမှန်ကုန်တင်လေယာဉ်များဟု တရုတ်သံအမတ်ဖြေကြား Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.