အာဏာသိမ်းအစိုးရမသုံးဖို့ စစ်ကောင်စီသတိပေးချက် သတင်းမီဒီယာတွေ လက်မခံ

ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

အာဏာသိမ်းစစ်အစိုးရလို့ ခေါ်ဝေါ်သုံးစွဲမယ့် မီဒီယာတွေအပေါ် ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ စစ်ကောင်စီက သတိပေးထားတဲ့အပေါ် ပြည်တွင်းသတင်းမီဒီယာတွေဘက်က ဘယ်လိုသဘောထားရှိသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြနေကြတာဟာ ဒီကနေ့ထိ ဆက်ရှိနေဆဲပါ။ နိုင်ငံအနှံံ့က နေရာဒေသအသီးသီးမှာ ဆန္ဒပြပြည်သူ အလွှာပေါင်းစုံကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေး ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို တောင်းဆိုနေကြတာပါ။ ဒီဆန္ဒပြမှုတွေရဲ့ အခြေအနေတွေကို သတင်းမီဒီယာတွေအနေနဲ့ တင်ဆက်ပေးနေတဲ့နေရာမှာ စစ်တပ်ကို ရည်ညွှန်းတဲ့ အသုံးအနှုန်းတွေအပေါ် သတိပေးလိုက်တာပါ။

သတင်းတွေမှာ အာဏာသိမ်း စစ်အစိုးရဆိုတဲ့ အသုံးအနှုန်းတွေကို သတိပေးထားပြီး ဆက်ပြီးသုံးနေမယ်ဆိုရင် ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မနေ့တုန်းက ပြုလုပ်တဲ့အစည်းအဝေးမှာ ထည့်သွင်းပြောသွားတာပါ။ အဲဒီထဲမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေတဆင့် မီဒီယာတွေနဲ့ပတ်သက်ပြီး ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကို ထိန်းသိမ်းကြပ်မတ်ဖို့ ပြောထားပေမယ့် သတင်းမီဒီယာကောင်စီမှာ တာဝန်ယူထားသူတွေကတော့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အများစုက နုတ်ထွက်သွားပြီဖြစ်ပါတယ်။

ပြည်တွင်းသတင်းမီဒီယာ တခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနကတော့ အာဏာသိမ်းစစ်ကောင်စီ၊ စစ်ကောင်စီ၊ အာဏာသိမ်းစစ်အုပ်စု၊ စစ်အုပ်စု၊ စစ်အစိုးရဆိုတဲ့ အသုံးအနှုန်းတွေကိုသာ သတင်းတွေမှာ ထည့်သုံးသွားမှာဖြစ်တယ်လို့ အယ်ဒီတာချုပ် ဦးစိန်ဝင်းက ပြောပါတယ်။

"အခု ဆန္ဒပြပွဲတွေ သွားကြည့်လိုက်ရင် အကုန်လုံးတွေ့ရမှာက Military Coup ဆိုတဲ့ဟာချည်းပဲ။ ဒါတွေကိုပဲ တောက်လျှောက်တွေ့ရမှာ။ အဲဒီတော့ ပြင်ပမှာ အဲဒီလို သုံးနေတာကို ကျနော်တို့က မသုံးဘဲနဲ့ ဖုံးကွယ်ထားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ အဲဒါဆိုရင် မီဒီယာမဟုတ်တော့ဘူး။ မီဒီယာက တကယ့်ပြင်ပမှာ ဖြစ်နေတဲ့ဟာကို ထင်ဟပ်ရမယ်။ လက်တွေ့ ဘာတွေဖြစ်နေလဲဆိုတာကို ပြောပြရမယ်၊ အမှန်တရားကို ပြောရမယ်။"

ရုပ်မြင်သံကြား အခမဲ့လွှင့်နေတဲ့ လိုင်းတွေထဲမှာ သတင်းအသားပေးတဲ့ မီဒီယာတခုဖြစ်တဲ့ မဇ္ဈိမကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ထုတ်လွှင့်ခွင့် ရပ်ဆိုင်းခံလိုက်ရတာပါ။

"ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စစ်ကောင်စီကို အာဏာလွှဲပေးလိုက်တယ်၊ အာဏာကို ထိန်းခိုင်းလိုက်တယ်၊ အခြေခံဥပဒေအရ သူတို့ကပဲ ထိန်းသိမ်းရာမြောက်ပါတယ်ဆိုတဲ့ဟာကို ဆုံးဖြတ်ပေးတဲ့ ခုံရုံးတို့၊ တရားရုံးတို့ မရှိဘူး။ ကိုယ့်ဘာကိုယ် စွဲချက်တင်၊ ကိုယ့်ဘာကိုယ် ဆုံးဖြတ်ချက်ချ၊ အဲဒီသလိုဖြစ်သွားတာ။ အဲဒီတော့ ကျနော်တို့က အဲဒီနောက်ကို လိုက်နာဖို့ဆိုတာက တော်တော်မဖြစ်နိုင်တဲ့ကိစ္စပဲလေ။ မီဒီယာကတော့ ကျနော်တို့က လွတ်လွတ်လပ်လပ် စဉ်းစားရတာပဲ။ ကျနော်တို့က ဝါဒဖြန့် မဟုတ်ဘူး။"

ရုပ်သံအခမဲ့လွှင့်နေတဲ့ လိုင်းတွေထဲက ထုတ်လွှင့်ခွင့်ရပ်ဆိုင်းခံထားရတဲ့အထဲ DVB သတင်းဌာနလည်း အပါအဝင်ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က မီဒီယာတွေအပေါ် အသုံးအနှုန်း သတိထားဖို့ သတိပေးနေပေမယ့် DVB သတင်းဌာနကတော့ တိုက်ရဲ့ မူအတိုင်းသာ ဆက်ပြီးရေးသားသွားမှာဖြစ်တယ်လို့ သတင်းဒါရိုက်တာ ဦးခင်မောင်စိုးက ပြောပါတယ်။

"ကျနော်တို့ကတော့ House Style အနေနဲ့ကတော့ အာဏာသိမ်းအစိုးရနဲ့ အာဏာသိမ်းခံတဲ့ NLD အစိုးရပေါ့၊ ဒါပဲသုံးတာလေ။ ဒါကတော့ ကျနော်တို့အနေနဲ့တော့ သိပ်ပြောင်းလဲဖို့ မရှိပါဘူး။"

အာဏာသိမ်းစစ်အစိုးရဆိုတဲ့ အသုံးအနှုန်းအပေါ် မနေ့က သတိပေးထားပေမဲ့ သတင်းမီဒီယာတချို့မှာ ဒီကနေ့ ဖော်ပြချက်အရဆိုရင်တော့ စစ်အာဏာရှင်၊ စစ်အာဏာသိမ်းမှု၊ အာဏာသိမ်းစစ်အာဏာရှင်၊ အာဏာသိမ်းစစ်ကောင်စီလို့သာ သုံးစွဲနေတာကို တွေ့ရပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြသူတွေဘက်ကလည်း အာဏာရှင်အလိုမရှိ၊ အာဏာသိမ်းစစ်အစိုးရ အလိုမရှိ၊ စစ်အာဏာသိမ်းမှု အလိုမရှိဆိုတဲ့ စာသားတွေကို ရှေ့ရက်တွေကအတိုင်း ကိုင်ဆောင်ဆန္ဒပြနေကြဆဲပါ။

စစ်အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲ လမ်းပေါ်ဆန္ဒပြသူတွေ၊ ရပ်ကွက်လုံခြုံရေး တာဝန်ယူထားတဲ့ပြည်သူတွေအပါအဝင် အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ဆောင်နေသူတွေကိုပါ ဖမ်းဆီးအရေးယူတာတွေ၊ ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေသာမက သေဆုံးခဲ့ရသူတွေလည်း ရှိပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မနေ့တုန်းက မြန်မာအရေးဆွေးနွေးခဲ့တဲ့အထဲ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့အပါအဝင်၊ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။


စုစု/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-media/5789453.html

အာဏာသိမ်းအစိုးရမသုံးဖို့ စစ်ကောင်စီသတိပေးချက် သတင်းမီဒီယာတွေ လက်မခံ အာဏာသိမ်းအစိုးရမသုံးဖို့ စစ်ကောင်စီသတိပေးချက် သတင်းမီဒီယာတွေ လက်မခံ Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.