မလေးရှားမှာ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာတွေကို ပြန်ပို့မယ်

မလေးရှား ရေပြင်ထဲ စက်လှေနဲ့ ရောက်လာသူတွေကို မလေးရှားအစိုးရက ထိန်းသိမ်းထား

မလေးရှားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံထားသူ ၁၂၀၀ ထဲက ၁၀၀ နီးပါးလောက်ကို လာမယ့် သီတင်းပတ်မှာ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ဒုက္ခသည်အဖွဲ့တွေက ပြောကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို ပြန်ပို့ခံရတဲ့ သူတွေမှာ အသက်အန္တရာယ် ရှိတယ်လို့ ဒုက္ခသည်အဖွဲ့တွေက ပြောနေတာပါ။

မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရပြီး ခိုလှုံခွင့် တောင်းခံထားသူ မြန်မာနိုင်ငံသားတွေကို မြန်မာ စစ်တပ်က ရေတပ်သင်္ဘောတွေလွှတ်ပြီး မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ ကမ်းလှမ်းခဲ့အပြီးမှာ မြန်မာနိုင်ငံသား ၁၂၀၀ ကို ပြန်ပို့ဖို့ မလေးရှားအစိုးရက သဘောတူလိုက်တဲ့ အကြောင်းကို ရိုက်တာ သတင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ဒုက္ခသည်လက်ခံရေး သဘောတူချက်ကို လက်မှတ်ထိုးမထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံထဲ အထောက်အထားမဲ့ ဝင်လာသူတွေကို ထိန်းသိမ်းထားပေမဲ့လည်း ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးUNHCR က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်တွေကိုတော့ နိုင်ငံထဲကနေ နှင်မထုတ်ပါဘူးလို့ မလေးရှားအစိုးရက ကတိပြုထားပါတယ်။

အခုအခါ မလေးရှားမှာ ထိန်းသိမ်းခံထားရတဲ့ ချင်းလူမျိုးဒုက္ခသည်တွေနဲ့ မူဆလင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောလာတဲ့အကြောင်း အဲဒီဒုက္ခသည်တွေရဲ့ အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

မလေးရှားမှာ ခိုလှုံခွင့် တောင်းခံထားတဲ့ ချင်းဒုက္ခသည်များ

ခိုလှုံခွင့်တောင်းသူတွေကို မြန်မာနိုင်ငံ ပြန်ပို့မှာကို စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ ထိန်းသိမ်းထားသူတွေကို ကုလသမဂ္ဂ အဖွဲ့အနေနဲ့ သွားရောက် မေးမြန်းခွင့်မရတာ တစ်နှစ်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

အထောက်အထားမဲ့ သူတွေကို မြန်မာနိုင်ငံ ပြန်ပို့မယ်ဆိုတဲ့အကြောင်း ဒုက္ခသည်အဖွဲ့တွေဆီက ကြားသိထားရပေမဲ့ တကယ်တမ်း ပြန်ပို့ မပို့ ဆိုတာကို အတိအကျ မသိရသေးဘူးလို့ UNHCR ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56117400

မလေးရှားမှာ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာတွေကို ပြန်ပို့မယ်  မလေးရှားမှာ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာတွေကို ပြန်ပို့မယ် Reviewed by THITHTOOLWIN on 02:44 Rating: 5

No comments:

Powered by Blogger.