ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမှာ အင်တာနက်ပြန်သုံးခွင့်ရ အင်တာနက်ဖြတ်တောက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် မယူကမ်းဒေသက ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၂၀ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ် / Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အချိန် တစ်နှစ်ခွဲကျော်ကြာဖြတ်တောက်ခံ ထားရတဲ့ မိုဘိုင်းအင်တာနက်လိုင်းတွေကို မနေ့ညသန်းခေါင်ယံကျော်အချိန်လောက်ကစပြီး ပြန်လည်အသုံးပြု ခွင့်ရနေပြီလို့ ဒေသခံတွေကပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ဒီနေ့မနက်အစောပိုင်းစပြီး အင်တာနက်သုံးခွင့်ရနေ ပေမယ့် လိုင်းဆွဲအား မကောင်းသေးတာကို တွေ့ရတယ်လို့ RFA ကိုပြောပါတယ်။
ပလက်ဝမြို့နယ် ပညာရေးမှူးက"ဒီနေ့မနက်ကစပြီးတော့ 4G ရပြီတဲ့။ ပလက်၀ ကလေ။ တစ်မြို့နယ်လုံးပဲ။ ဖုန်းလိုင်းရတဲ့နေရာအားလုံးက 4G ရပြီ။ ဒီမနက်ကစပြီးတော့။"လို့ RFA ကို ပြောပါတယ်။
ပလက်ဝမြို့ဒေသခံ ဦးကျော်အောင်က လက်ရှိဖုန်းလိုင်းပြန်ရတာဟာ ရေရှည်မဟုတ်ဘဲ ခဏတာဖြစ်မှာကိုလည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ခံတစ်ဦးကလည်း အင်တာနက် မြန်မာ့ဆက်သွယ်ရေး အမ်းပီတီလိုင်း၊ မိုင်တဲလိုင်းတွေ ပြန်ရနေပြီဖြစ်ပေမယ့် တယ်လီနော အင်တာနက်လိုင်းတွေတော့ မရသေးဘူးလို့ ဒီနေ့မနက် က ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အကြောင်း ပြုလို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့ကတည်းက အစိုးရက မိုဘိုင်းအင်တာနက်လိုင်းတွေကို ပိတ်ခဲ့ပါတယ်။
အဲဒီနောက် မောင်တောမြို့နယ်ကို 4G အင်တာနက်ကွန်ရက်ကို ပြန်လည်ခွင့်ပြုခဲ့ပေမယ့် အခြားမြို့နယ် မှာတော့ ပြီးခဲ့တဲ့နှစ်သြဂုတ်လ ၁ ရက်နေ့ကစပြီး 2G ကွန်ရက်စနစ်ကိုသာ ခွင့်ပြုခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်ရဲ့အာဏာကို တပ်မတော်က သိမ်းယူလိုက်ပြီးနောက် နှစ်ရက်အကြာမှာ အင်တာနက်လိုင်းတွေကို ပြန်လည်ခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/rakhine-internet-open-4g-02032021001433.html
No comments:
Post a Comment