တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားပေမယ့် ဆန္ဒပြမှုတွေ မြို့နယ်အများစုမှာ ဆက်ရှိနေ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေကြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ရစဉ် / Photo: RFA |
အာဏာသိမ်းအစိုးရ အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုမှုတွေ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့အတော် များများမှာ ဒီနေ့ဆက်ရှိနေပါတယ်။ တချို့နေရာတွေမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ချထား တာရှိသလို နေရာအများစုမှာတော့ လုံခြုံရေးချထားမှုက အရင်နေ့တွေက အတိုင်းပဲရှိနေပါတယ်။
တပ်မတော်က အာဏာသိမ်းတာ ဒီနေ့ဆိုရင် ၁၆ ရက်မြောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတွင်းက မြို့နယ်အသီးသီးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။
ဆန္ဒပြသူတွေက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်ဖို့ အစိုးရဝန်ထမ်းတွေကို တောင်းဆို တာတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်လာပါတယ်။
ရန်ကုန်မြို့မှာတော့ အရင်ရက်တွေက ဆန္ဒပြသူတွေ သိန်းချီရှိနေတဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့၊ မြေနီကုန်းနဲ့ လှည်းတန်းလိုနေရာတွေမှာ ဆန္ဒပြသူတွေ အရင်နေ့တွေကလောက် မများတော့ဘဲ အစိုးရရုံးတွေရှေ့ကို ဦးစားပေးသွားရောက်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်ဖို့ သွားရောက် ဆန္ဒပြတာကို တွေ့ရပါတယ်။ အဲလိုတောင်းဆိုသူတွေထဲမှာ အထင်ကရ အနုပညာရှင်တွေလည်း ပါဝင်နေပါတယ်။
ရန်ကုန်မြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ မီးရထားဌာနက ဝန်ထမ်းတွေနဲ့ ပြည်သူတွေက အင်းစိန်ဘူတာကနေ ရထားထွက်ဖို့ စီစဉ်ထားတာကို မထွက်နိုင်အောင် ရထားလမ်းပေါ်ပိတ်ပြီး ဆန္ဒပြခဲ့ကြ ပါတယ်။
ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းအောက်လမ်းက မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာလည်း နိုင်ငံဝန်ထမ်းတွေ CDM မှာပါဝင်လာဖို့ ဆန္ဒပြတောင်းဆိုသူတွေရှိပါတယ်။
စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူတွေဟာ ကန်တော်ကြီးပတ်လမ်းက ကုလသမဂ္ဂရုံးရှေ့မှာလည်း အရင်နေ့တွေကထက် ပိုမိုအင်အားများလာတာကိုတွေ့ရပါတယ်။
ရွှေဝါရောင်သံဃာတော်တွေနဲ့ သံဃာတော် ၃၀ ကျော်ကတော့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားကနေ ကုလသမဂ္ဂရုံးအထိ စစ်အာဏာရှင် အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ ဒေသခံတွေ သုံးထောင်ကျော်က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဝန်ထမ်းတွေ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ဖို့ ဒီနေ့မနက်ကသွားရောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းတွေ အလုပ်သမားတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဆန္ဒပြနေချိန် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးတွေ ရောက်လာ တာကြောင့် အဲဒီနေရာကနေ လူစုခွဲပြီး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဘားအံမြို့တွင်းမှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ဒီနေ့ အင်အားပြလှည့်လည်နေတာကို တွေ့ရပါတယ်။
ကော့ကရိတ်မြို့နယ်မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြ ခဲ့ပါတယ်။ KNU တပ်မဟာ ၆ နယ်မြေ ထိန်းချုပ်နယ်မြေအတွင်း ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတာတွေ မဖြစ်အောင် KNU က လုံခြုံရေးယူပေးတာကို တွေ့ရပါတယ်။ အရင်ရက်တွေက ကော့ကရိတ်မြို့မှာ လုံခြုံရေး အနည်းငယ်ပဲရှိပေမယ့် ဒီနေ့မှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတိုးမြှင့်ချထားတာကိုတွေ့ရ ကြောင်း ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူ တစ်သောင်းကျော်ရှိပါတယ်။ ဒီနေ့မနက်က ခရီးသည်မပါတဲ့ မော်လမြိုင်-ရန်ကုန် ရထားထွက်တာကြောင့် ဆန္ဒပြသူတွေက ရထားလမ်းကို ပိတ်ပြီး ဆန္ဒပြတာကြောင့် ရထားခရီးကို ဖျက်လိုက်ရပါတယ်။ အဲဒီ ရထားလမ်း ဆန္ဒပြတဲ့နေရာမှာ ရဲတပ်ဖွဲ့ လုံခြုံရေး အနည်းငယ်ရှိတာကလွဲပြီး မော်လမြိုင်မြို့တွင်းက တခြားနေရာတွေမှာ လုံခြုံရေးချထားတာကို မတွေ့ရပါဘူး။
မန္တလေးမြို့မှာတော့ ဆန္ဒပြသူတွေကို မနေ့က သေနတ်ပစ်ခတ် လူစုခွဲခဲ့တဲ့ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေး အများအပြားချထားတာကို တွေ့ရပါတယ်။
ဆန္ဒပြသူတွေ အရင်ကထက်နည်းသွားပေမယ့် အစုအဖွဲ့တွေခွဲပြီး မြို့တွင်းမှာလှည့်လည်ဆန္ဒပြနေပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူ ငါးသောင်းကျော်က ဒီနေ့မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တားဆီးတာတချို့ရှိခဲ့ပေမယ့် ဖမ်းဆီးတာတော့ မရှိခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ နေ့လယ်အပိုင်းအထိ လှည့်လည်ဆန္ဒပြအပြီးမှာ လူစုခွဲလိုက်ကြပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း ဒေသခံ တစ်သောင်းကျော်က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ မြန်မာ့မီးရထား စတဲ့ အစိုးရ ဝန်ထမ်းတွေ ရှေ့နေတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဒေသခံတွေ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက အဖွဲ့တွေခွဲပြီး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြနေတာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာတော့ ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းပြီး မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ စုပေါင်းရုံးသွားတဲ့လမ်းတွေမှာ လုံခြုံရေးယူထားပါတယ်။ ဖားကန့်မြို့နယ်နဲ့ ဝိုင်းမော်မြို့မှာလည်း ဒေသခံတွေစုပေါင်းပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာလည်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူတွေ သောင်းချီ ရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စက်မှုလယ်ယာ၊ အား/ကာ သိပ္ပံဌာန၊ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့တာပါ။ ဆန္ဒပြသူတွေက နေ့လယ်ပိုင်းမှာ လူစုခွဲလိုက်ကြပါတယ်။ ဒီမော့ဆို မြို့နယ်မှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးတွေချထားတာကို မတွေ့ရပါဘူး။ လွိုင်ကော်မြို့မှာလည်း ဒီနေ့ဆန္ဒပြသူတွေ သောင်းချီရှိပါတယ်။ လွိုင်ကော်မြို့က တချို့နေရာတွေမှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေ လုံခြုံရေးချထားပါတယ်။ ဆန္ဒပြသူတွေကတော့ လုံခြုံရေးအဖွဲ့တွေကို ရှောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှာလည်း စစ်အာဏာရှင် အလိုမရှိကြောင်း ဒေသခံ နှစ်သောင်းကျော်က ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။ လားရှိုးမြို့က ဆန္ဒပြသူတွေဟာ နေ့စဉ် မနက် ၉ နာရီမှာ စုဝေးပြီး မနက် ၁၁ နာရီ ဝန်းကျင်အထိ မြို့တွင်းလှည့်လည်ဆန္ဒပြနေတာဖြစ်ပါတယ်။ ဆန္ဒပြသူတချို့ကလည်း အစိုးရရုံးတွေရှေ့ သွားပြီး အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ဖို့ တောင်းဆိုတာတွေလည်းရှိပါတယ်။ အရင်ရက်က ဆန္ဒပြချိန်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို လုံခြုံရေးချထားပြီး တားဆီးတာချို့ရှိပေမယ့် ဒီနေ့မှာတော့ လုံခြုံရေး တွေချထားတာကို မတွေ့ရပါဘူး။
NLD အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ တွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာလည်း ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားတဲ့စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာ သိမ်းပြီးချိန်ကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၂၆ ဦး ရှိနေပြီလို့ ပြောထား ပါတယ်။ အဲလို ဖမ်းဆီးထားတာတွေရှိနေပေမယ့် ဆန္ဒပြသူတွေကတော့ မြို့နယ်အသီးသီးမှာ ဆက်ရှိနေ ပါတယ်။
ကုလသမဂ္ဂကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ အရေးယူတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဆန္ဒတာတွေဟာ ပြည်တွင်းမှာဖြစ်နေတဲ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း ရောက်ရှိရာ နိုင်ငံအသီးသီးမှာ စစ်အစိုးရကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆန္ဒပြတာတွေ ရှိနေပါတယ်။
RFA Burmese
No comments:
Post a Comment