မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ခြင်း


မြန်မာနိုင်ငံမှာ အာဏာသိမ်းယူခဲ့ကြတဲ့ စစ်တပ်ခေါင်းဆောင်တွေအပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ကြေညာပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်က လက်ရှိသိမ်းယူထားတဲ့ အာဏာကို အမြန်ဆုံး ပြန်စွန့်လွှတ်ဖို့ကိုလည်း သမ္မတ ဘိုင်ဒန်က ထပ်လောင်း တိုက်တွန်းလိုက်ပြီး ၊ နိုဝင်ဘာ (၈)ရက်နေ့မှာ ပြည်သူတွေက သူတို့ဆန္ဒအတိုင်း ထုတ်ဖေါ်မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်ပြု လေးစားလိုက်နာဖို့ကိုလည်း သမ္မတ ဘိုင်ဒန်က တိုက်တွန်းလိုက်ပါတယ်။

အခုချမှတ်လိုက်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုအရ - မြန်မာအစိုးရသုံး ရန်ပုံငွေအတွက် အမေရိကန်ကထောက်ပံ့နေတဲ့ အမေရိကန်ဒေါ်လာ (၁)ဘီလျံကို အာဏာသိမ်း စစ်ကောင်စီက ရတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ ပထမအသုတ် အမည်စာရင်းကို ဒီသီတင်းပတ်ထဲ ထုတ်ပြန်သ ွားမှာဖြစ်ပြီး အဲဒီအထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ၊ သူတို့ရဲ့စီးပွားရေး လုပ်ငန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ မြန်မာ စစ်အာဏာသိမ်းအဖွဲ့ကို အခုလို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌ Bob Menendez နဲ့ CSIS နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး သုတေသနအဖွဲ့ကပါ ကြိုဆိုခဲ့ကြပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ မြန်မာအစိုးရအတွက် အကျိုးအမြတ် ဖြစ်စေမယ့် အမေရိကန်နိုင်ငံကို တင်သွင်းမယ့် ပို့ကုန်လမ်းကြောင်းကို ပိတ်ဆို့ရပ်တန့်ထားမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ အခြားလိုအပ်တဲ့ကဏ္ဍ တွေမှာတော့ မြန်မာပြည်သူတွေလက်ထဲ တိုက်ရိုက်ရောက်ရှိစေမယ့် နည်းလမ်းအရ အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ပံ့နေမှာ ဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်ကကြေညာသ ွားပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာရုံတက်ချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် ဆန္ဒပြဆန့်ကျင်မှုတွေ တိုးလာနေပြီး ၊ မြန်မာပြည်သူတွေက ထုတ်ဖေါ် နေတဲ့ သူတို့ဆန္ဒကို အထင်အရှား မြင်နေရကြောင်း၊ဒီမိုကရေစီ အခွင့်အရေးအရ ဆန္ဒပြလှုပ်ရှားတာကို အကြမ်းဖက်နှိမ်နင်းနေတဲ့ လုပ်ရပ်အပေါ် လက်ခံနိုင်စရာ မရှိသလို ၊ အဲဒီလုပ်ရပ်ကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုနေမှာဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

အကယ်၍ မြန်မာနိုင်ငံမှာ လက်ရှိထက် အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင် မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ် သွားမယ်လို့လည်း သမ္မတ ဂျိုးဘိုင်ဒဏ်က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့နဲ့ အင်အားသုံး ဖြိုခွင်းဖို့ လုပ်နေတဲ့အပေါ် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက စိုရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/biden-targeted-sanction-on-myanmar-military-/5773428.html

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ခြင်း မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ခြင်း Reviewed by THITHTOOLWIN on 06:36 Rating: 5

No comments:

Powered by Blogger.