စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းလမ်းသုံးပြီး ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံပုံးတီးတဲ့ လှုပ်ရှားမှုကို မနေ့က ည ၈ နာရီက ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ စတင်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဆောင်ရွက်ဖို့ တကသ လို့ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားဟောင်းများအင်အားစု အပါအဝင် အဖွဲ့ ၁၇ ဖွဲ့က အွန်လိုင်းလူမှုကွန်ယက်စာမျက်နှာကတဆင့် နှိုးဆော်မှုတွေ လုပ်ခဲ့ကြတာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဒုတိယရက်မှာ ဒီ သံပုံးတီးလှုပ်ရှားမှု စတင်ခဲ့တာပါ။
စစ်တပ်ရဲ့ လက်နက်အားကိုးပြီး အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံပုံးတီးလှုပ်ရှားမှုလုပ်ဖို့ ပြည်သူကို နှိုးဆော်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တကသကျောင်းသားဟောင်းတစ်ဦးက ပြောပါတယ်။
မနေ့က သံပုံတီးကမ်ပိန်း ပထမရက်လှုပ်ရှားမှုမှာတော့ မန္တလေး၊ ရန်ကုန်၊ မကွေး၊ မုံရွာ၊ စစ်ကိုင်း တောင်ကြီး စတဲ့ မြို့တော်တော်များများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်၊ ကယား၊ ရှမ်း ၊ရခိုင် စတဲ့ဒေသတွေမှာတော့ ဒီလှုပ်ရှားမှုမရှိခဲ့ပါဘူး။
ဒီနေ့ ည ၈ နာရီမှာလည်း ဆက်လုပ်သွားဖို့ နှိုးဆော်ထားပြီး စစ်အာဏာသိမ်းမှုမရပ်တန့်သမျှ ဆက်လုပ်သွားဖို့လည်း နှိုးဆော်ထားပါတယ်။
မေနေ့ညက သံပုံးတီးခဲ့တဲ့ ရွှေဘိုမြို့ခံ တစ်ဦးကလည်း ဒီနေ့ညမှာ ဆက်တီးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိအာဏာသိမ်း အစိုးရကို လက်မခံနိုင်တဲ့အတွက် သံပုံးတီးလှုပ်ရှားမှုမှာ ပါဝင်ဖြစ်တဲ့အကြောင်း မကွေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ည ၈ နာရီ သံပုံတီးလှုပ်ရှားမှုအပြင် ကျန်းမာရေးဝန်ထမ်းတွေကလည်း အကြမ်းမဖက် အာဏာဖီဆန်မှုတွေကို ဒီကနေ့ကစပြီး လုပ်ဆောင်နေကြပါပြီ။
RFA Burmese
https://www.rfa.org/burmese/news/military-coup-against-02032021061127.html
No comments:
Post a Comment