ရွေးကောက်ပွဲ ပြန်ကျင်းပမယ့် အစီအစဉ် မထောက်ခံကြောင်း အင်ဒိုနီးရှားသံရုံးပြော

ရွေးကောက်ပွဲ ပြန်ကျင်းပမယ့် အစီအစဉ် မထောက်ခံကြောင်း အင်ဒိုနီးရှားသံရုံးပြော ဆန္ဒပြသူတွေကို အင်ဒိုနီးရှားသံရုံးတာဝန်ရှိသူ ဆေးဗီယာ မာစီလင်း က သံရုံးရှေ့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရှင်းလင်းနေစဉ် / Photo: RFA

စစ်ကောင်စီက ရွေးကောက်ပွဲ အသစ်လုပ်ပေးဖို့ကိစ္စ အာဆီယံနိုင်ငံတွေ သဘောတူလာအောင် အင်ဒိုနီးရှား နိုင်ငံက တွန်းအားပေးနေတယ်ဆိုတဲ့ သတင်းကို ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံး ပြောရေးဆိုခွင့်ရှိသူက ငြင်းပယ်လိုက်ပါတယ်။

အင်ဒိုနီးရှား သံရုံးတာဝန်ရှိသူ ဆေးဗီယာ မာစီလင်းက

“အင်ဒိုနီးရှားအနေနဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပမယ့် အစီအစဉ်ကို မထောက်ခံပါဘူး။ အင်ဒိုနီးရှား အနေနဲ့ မြန်မာနိုင်ငံ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အခြေအနေချင်းတူတဲ့သူတွေ၊ စိတ်ကူး အကြံဉာဏ်တူတွေနဲ့ ချိတ်ဆက်နေတာပါ။ ဒါကြောင့် အခုဖြစ်သွားတာက နားလည်မှုလွဲတာပါလို့ ပြောချင်ပါတယ်။ ဆန္ဒပြမှုတွေကိုလည်း အင်မတန် ငြိမ်းချမ်းစွာ လုပ်ဆောင်နေတယ်ဆိုတာကို ပြသခဲ့လို့ တကယ်ကို ကျေးဇူးတင်ပါတယ်။” လို့ ညနေပိုင်းမှာ သံရုံးရှေ့ ဆန္ဒပြသူတွေကို ထွက်ပြောခဲ့ပါတယ်။

မနေ့က ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဒီနေ့ အင်ဒိုနီးရှားသံရုံးအနီးမှာ လူထုက သွားရောက် ကန့်ကွက်ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က သံရုံးရှေ့ဝင်လို့မရအောင် အတားအဆီးတွေနဲ့ ကာရံထားခဲ့ပါတယ်။

ဒီနေ့ သံရုံးရှေ့ဆန္ဒပြသူတွေဟာ နောက်ထပ် ရွေးကောက်ပွဲလုပ်ပြီး မဲထည့်ဖို့ ဆန္ဒမရှိကြောင်း၊ လူထုက ပေးခဲ့တဲ့မဲတွေကို လက်ခံဖို့လိုပြီး စစ်ကောင်စီက မတရားအာဏာသိမ်းခဲ့တာကို နိုင်ငံတကာက ဝိုင်းဝန်း ကန့်ကွက်ဖို့လိုတယ်လို့ သူတို့ရဲ့ ဆန္ဒတွေကို ပြောကြပါတယ်။

ရိုက်တာမှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဂျာကာတာမှာရှိတဲ့ သံရုံးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနမှာ ရေးထား တာတွေက မမှန်ပါဘူးလို့ ငြင်းချက်ထုတ်ထားပြီး ငြင်းချက်ထုတ်ထားတဲ့ အဲဒီဗီဒီယိုဖိုင်ကို အများသိရှိအောင် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

“အင်ဒိုနီးရှားက ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ့် အစီအစဉ်ကို မထောက်ခံပါဘူး။ အင်ဒိုနီးရှားက မြန်မာရဲ့လက်ရှိအခြေအနေကို ဘယ်လို ကူညီဖြေရှင်းမလဲဆိုတာနဲ့ ပတ်သက်ပြီး တူညီတဲ့ အခြေအနေ ရှိတဲ့သူတွေ၊ ဘယ်လိုစိတ်ကူးတွေရှိလဲဆိုတာကို ရှာဖွေဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတာပါ။” လို့ အင်ဒိုနီးရှား သံရုံးတာဝန်ရှိသူ ဆေးဗီယာ မာစီလင်းက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/indonesia-embassy-denied-re-election-02232021045034.html

ရွေးကောက်ပွဲ ပြန်ကျင်းပမယ့် အစီအစဉ် မထောက်ခံကြောင်း အင်ဒိုနီးရှားသံရုံးပြော  ရွေးကောက်ပွဲ ပြန်ကျင်းပမယ့် အစီအစဉ် မထောက်ခံကြောင်း အင်ဒိုနီးရှားသံရုံးပြော Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.