ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းက လူထောင်ပေါင်းများစွာဟာ အာဏာသိမ်း စစ်ကောင်စီကို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ အရပ်သားတွေဟာ ဆန္ဒပြပွဲအပြီး အိမ်ပြန်လာချိန်မှာ ဒီးမော့ဆိုမြို့နယ် ရဲတပ်ဖွဲ့က တားဆီးပြီး ဖမ်းခဲ့တာကြောင့် ဆန္ဒပြသူတွေက ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေးအတွက် ဒီးမော့ဆိုမြို့နယ် ရဲစခန်းရှေ့ကနေ သွားရောက် တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတွေက သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာကြောင့် အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ RFA ကို ပြောကြပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အခုလို ဖမ်းဆီးတာကို လက်မခံနိုင်ကြောင်း ဆန္ဒပြခေါင်းဆောင်တွေက ဒီမောဆိုးရဲတပ်ဖွဲ့ကို ပြောခဲ့ပြီးတဲ့နောက်… ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဖမ်းဆီးထားသူတွေဟာ ဒီးမော့ဆိုရဲစခန်းမှာ မရှိတော့ဘဲ လွိုင်ကော်အကျဉ်းထောင်ကို ပို့လိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့တဲ့ အတွက် ဆန္ဒပြသူတွေက လွိုင်ကော်အကျဉ်းထောင်ရှေ့မှာ စုရုံးပြီး ဖမ်းဆီးသွားတဲ့ ကျောင်းဆရာ ဆရာမတွေနဲ့ အရပ်သား စုစုပေါင်း ၇ ဦးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ ဆန္ဒပြ ပြည်သူလူထုကြားက လိပ်ခဲတင်းလင်းဖြစ်နေတဲ့ အနေအထားကို ကယန်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ ခေါင်းဆောင်တွေက ကြားဝင် ညှိနှိုင်းခဲ့ပါတယ်။ ကယန်းပြည်သစ်ပါတီက ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ငြိမ်းချမ်းစွာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အပြစ်မဲ့ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရသူ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကယန်းပြည်သစ် ပါတီခေါင်းဆောင်နဲ့ လွိုင်ကော်အကျဉ်းဦးစီးဌာန တာဝန်ရှိသူတို့ ဆွေးနွေးခဲ့ပြီးနောက်… အကျဉ်းဦးစီးဌာနမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းဆရာဆရာမတွေနဲ့ အရပ်သား စုစုပေါင်း ၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
လွတ်မြောက်လာသူတွေ အကျဉ်းထောင်အပြင်ကို ရောက်လာတဲ့အခါမှာ လွတ်မြောက်ရေးအတွက် ဝန်းရံခဲ့တဲ့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ပြည်သူလူထုက အာဏာရှင်အဆုံးသတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။
RFA Burmese
လွိုင်ကော်ဆန္ဒပြပွဲမှာ ပါဝင်လို့ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေး စုရုံးတောင်းဆို
Reviewed by THITHTOOLWIN
on
06:41
Rating:
No comments:
Post a Comment