နိုင်ငံတော် စစ်ကောင်စီမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကို ပါတီထောက်ခံသူတွေ ဆန္ဒပြ

နိုင်ငံတော် စစ်ကောင်စီမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကို ပါတီထောက်ခံသူတွေ ဆန္ဒပြ

စစ်အစိုးရက အသစ်ဖွဲ့စည်းထားတဲ့ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ" မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ MUP က လက်ခံလိုက်တာကြောင့် ပါတီကို ထောက်ခံသူတွေ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မော်လမြိုင်မြို့က မွန်ညီညွတ်ရေးပါတီရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့ ဒီဆုံးဖြတ်ချက်ကို ပါတီအနေနဲ့ ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ကြတာပါ။

ပါတီကို ထောက်ခံအားပေးသူတဦးဖြစ်တဲ့  နိုင်စဝေါမွန်က စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်မခံသင့်ဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ ပြောချင်တာက မွန်ညီညွတ်ရေးပါတီက စစ်အစိုးရအဖွဲ့မှာ ပါဝင်ဖို့ မသင့်ဘူး။ ပါတီအနေနဲ့ လက်ခံလို့ကိုမရဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ လက်ခံရင် လက်ခံပါ။ ပါတီနဲ့မ ဆိုင်ဘူး။ အဲတော့ မွန်နိုင်ငံရေးသမား မျိုးဆက်သစ်တွေရဲ့ ဂုဏ်သိက္ခာအတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြန်လည်ထိန်းသိမ်းပေးပါ။ အမျိုးသားနိုင်ငံရေး ဂုဏ်သိက္ခာကို ပြန်ထိန်းပေးပါ"လို့  နိုင်စဝေါက ပြောပါတယ်။

ဒီကနေ့ဆန္ဒပြပွဲမှာ မွန်လူငယ်အများစုပါဝင်ခဲ့တာဖြစ်ပြီး မွန်နိုင်ငံရေးအနာဂတ်အတွက် စဉ်းစားဆုံးဖြတ်ပေးကြဖို့ ဆန္ဒပြမွန်လူငယ်တွေက တောင်းဆိုခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီ ထောက်ခံသူတဦးဖြစ်တဲ့ နိုင်ပညာအောင်က “မနေ့က အင်တာနက်တွေ ဖြတ်ထားလို့ ဒီနေ့အင်တာနက် ပြန်ရတဲ့အချိန်မှာ ဖုန်းဖွင့်လိုက်တော့ သတင်းတွေ့ပြီး ပါတီဝန်းရံသူ တစ်ယောက်အနေနဲ့ အံ့ဩလို့မဆုံးဘူး။ဒီလိုဆုံးဖြတ်လိုက်တာဟာ တစ်မျိုးသားလုံးကို အကွဲအပြဲဖြစ်စေတယ်။ ကျွန်တော်မှာတော့ ပြောစရာစကားလုံးမရှိတော့ဘူး” လို့ပြောပါတယ်။

ဒီကနေ့ဆန္ဒပြတဲ့ မွန်လူငယ်တွေဟာ ဆန္ဒပြအပြီးမှာ ပါတီရုံးချုပ်မှာပဲ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပေမယ့် အဖြေတစုံတရာ မထွက်သေးပါဘူး။

"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ"ကို စစ်အာဏာသိမ်းပြီး နောက်တစ်ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌ တာဝန်ယူပြီး ဖွဲ့စည်းခဲ့တာပါ။

အဲ့ဒီကောင်စီအတွက် မွန်ညီညွတ်ရေးပါတီကို ပါဝင်ဖို့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ပါတီတွင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးခေါ်ပြီး လက်ခံဖို့ မနေ့ကဆုံးဖြတ်လိုက်တာပါ။

နိုင်ငံရေးပြဿနာကို ထိပ်တိုက်ရင်ဆိုင်တဲ့နည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်တာလို့ ပါတီအတွင်းရေးမှူး နိုင်လယိတမက RFA ကို ပြောထားပါတယ်။

ဒီကောင်စီမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့ပါတီတွေက ခေါင်းဆောင်ပိုင်းတချို့ကိုလည်း ထည့်သွင်းထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

နိုင်ငံတော် စစ်ကောင်စီမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကို ပါတီထောက်ခံသူတွေ ဆန္ဒပြ နိုင်ငံတော် စစ်ကောင်စီမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကို ပါတီထောက်ခံသူတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 01:55 Rating: 5

No comments:

Powered by Blogger.